ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ အသက်၁၂နှစ်နှင့်အထက် အ‌ခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးကြသည်။ ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အမှတ် ၁၈ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုများကို အားပေးကြည့်ရှုသည်။  ထိုသို့ အားပေး ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ကာကွယ်ဆေးထိုးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသားကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသော သက်ဆိုင်ရာတာဝန်ရှိ သူများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲ များရှိပါက အမြန်ဆုံးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားကာ လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသားကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့်အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ များအား အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မင်းကုန်း အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင် အသက်(၁၂)နှစ် ပြည့်ပြီးသည့် အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူ စုစုပေါင်း (၈၃၉၆၉)ဦး ကို COVID-၁၉    ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာတစ်နိုင်ငံလုံးမှ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများတွင် ပညာသင်ယူနေသူ ကျောင်းသားကျောင်းသူ အားလုံးကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။