ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းများအား လှည့်လည်ကြည့်ရှု

                                   နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အခြေခံပညာ အထက်တန်းကျောင်းများကို လှည့်လည်ကြည့်ရှုရာ ရှေးဦးစွာ ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဘောလုံးကွင်းနှင့် ပွဲကြည့်စင် ပြုပြင်ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူနှင့် ကျောင်းအုပ်ကြီးတို့ကလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ ဘောလုံးကွင်းအတွင်း ပြေးလမ်း၊ ပတ်လမ်း၊ ပွဲကြည့်စင်များ ခိုင်ခန့်ကောင်းမွန်ရန် လိုပါကြောင်း၊ ကျောင်းအတွင်းရှိ အရည်အသွေးမီ အားကစားကွင်းကို အသုံးပြု၍ ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည် ဖြစ်ပါကြောင်း၊ အနာဂတ်သားကောင်း ရတနာများဖြစ်သည့် ကျောင်းသား ကျောင်းသူများ ကျန်းမာသန်စွမ်းရေးသည် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရန် အဆင်သင့်ပြင်ဆင် ထားရှိကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းဉပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေ​ သာယာရေး၊ ကျောင်းဆောင်၊ စာသင်ခန်းများအပြင် မုန့်စားတန်း အဆောင်များ သန့်ရှင်းသပ်ရပ်ရေးတို့အတွက် ကျန်းမာရေးနှင့်အညီ ဆောင်ရွက်ထား ရန်လိုပါကြောင်း၊  သိပ္ပံခန်းနှင့် သင်ထောက်ကူပစ္စည်းများကို ကျောင်းများအားလုံးတပြေးညီ ဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ ပညာအရည်အသွေး တိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်  ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးလုံလေလုံ အားကစားခန်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ကျောင်းအတွင်း ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဘောလုံးကွင်းများ၊ ပွဲကြည့်စင်များ၊ ပြေးလမ်းများ ပြုပြင်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းအတွင်း အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။