ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ နေပြည်တော်ရှိ မြို့နယ်များ၌ အသက်၁၂နှစ်နှင့်အထက် အ‌ခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်တော်ကြီး၌  အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကြသည်။ ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏ သားသမီး တပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုပါကြောင်း ၊ ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့်အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။ ထိုမှတစ်ဆင့်ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉    ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးကာ ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ယင်းနောက် အဆိုပါ အထက်တန်းကျောင်းအတွင်းရှိ ကျောင်းအားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။