ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုအားပေး၍ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ

စစ်တွေ ၂၀၂၁ ဒီဇင်ဘာ ၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၁နာရီခွဲတွင် သံတွဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ဆောင်များ၊ စာကြည့်တိုက်နှင့် သိပ္ပံခန်းများသို့ သွားရောက်ကြည့်ရှုပြီး လက်တွေ့ခန်းသုံး ပစ္စည်းများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းခန်းမ၌ သံတွဲမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာတွင် လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ မေတ္တာရှေ့ထား၍ ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ်ကင်းဝေးရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်၍ သင်ကြားသင်ယူကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာတတ်ရန် တစ်ခုတည်းသာ အဓိကမထားဘဲ စာကြိုးစား၍ လိမ္မာရေးခြား ရှိသူများဖြစ်အောင် သင်ကြားလေ့ကျင့် စေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေး၍ နိုင်ငံတော်က အားထားရသည့် ပညာတတ် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ကျောင်းများအတွက် လိုအပ်သည့် ရေသန့်စက်၊ ရေစင်များ၊ လျှပ်စစ်မီးမရှိသည့် ကျောင်းများအတွက် ဆိုလာစနစ်သုံး ရေတင်စက်များ  ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရရှိသည်။