ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့ များရှိ တက္ကသိုလ်နှင့်ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ ၂၀၂၁ ဒီဇင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၀ ရက် ညနေ ၃ နာရီတွင် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားရာတွင် ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်နှင့် ကျောင်းများတွင် ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ စစ်တွေတက္ကသိုလ်တွင် ဘာသာရပ် ဌာန(၁၆)ခုရှိရာ ဌာနတစ်ခုချင်း၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်း စာအုပ်များ ဖြည့်ဆည်းရန် လိုအပ်သော ရန်ပုံငွေနှင့် စစ်တွေတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေးအတွက် ထောက်ပံ့ငွေများ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ စစ်တွေတက္ကသိုလ်အတွက် သုတေသနစင်တာတစ်ခု တည်ထောင်ပေးမည် ဖြစ်သကဲ့သို့ အဏ္ဏဝါသိပ္ပံစင်တာအတွက် လိုအပ်သော မြေနေရာကို စစ်တွေကမ်းခြေတွင်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် လိုအပ်သည့် သုတေသနနှင့် ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများနှင့် သင်ကြားရေးအထောက်အကူပြု ပစ္စည်းများကို ရွေးချယ်ဝယ်ယူပြီးပါက အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊ တက္ကသိုလ်များကို ဇန်နဝါရီလတွင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများတွင် လိုအပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများ ထပ်မံခေါ်ယူ ခန့်အပ်သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူများကို အမှန်တကယ် စာတတ်မြောက်အောင် သင်ကြားလေ့ကျင့် ပေးခြင်းဖြင့် မိမိတို့၏ပညာအမွေကို မချွင်းမချန်ပေးအပ်ကာ မျိုးဆက်သစ်လူငယ် ပညာတတ်များကို မွေးထုတ်ပေးကြ စေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိရေးကို  ဆွေးနွေးပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး ပြောကြားသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပါမောက္ခများက ဌာနတစ်ခုချင်းအလိုက် လိုအပ်ချက်များ တင်ပြကြရာ ပြတိုက်လိုအပ်ချက်၊ စာသင်ဆောင် လိုအပ်ချက်၊ အားကစားကွင်း မြှင့်တင်ရန်လိုအပ်ချက်၊ တက္ကသိုလ်လက်တွေ့ခန်းများအတွက် လျှပ်စစ်ဓာတ်အားလိုင်း လိုအပ်ချက်များ စသည်ဖြင့် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်တွေမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည်များကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့‌သည်။ ညနေပိုင်းတွင် ပြည်ထောင်စု၀န်ကြီးသည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြပြီး ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံကာ မိမိပြည်နယ်၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် မှာကြားကာ ဆရာ ဆရာမလိုအပ်ချက်များ၊ ကျောင်းဆောင်လိုအပ်ချက်၊ ကွန်ပျူတာ လိုအပ်ချက်များ၊ စာအုပ်ဂိုထောင် လိုအပ် ချက်များ စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၉နာရီတွင် ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ စစ်တွေတက္ကသိုလ်၊ အခြေခံပညာ အထက်တန်းကျောင်း ခွဲ(စက်ရုံစု)၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (လ-၅)နှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ လှည့်လည်ကြည့်ရှု စစ်‌ဆေးကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရခိုင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်အားပေး ခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံကာ တက္ကသိုလ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သတင်းရရှိသည်။