ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၊ ရတနာပုံတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာဆရာမများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၂ ဧပြီ ၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ၀င်စာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ စတုတ္ထနေ့ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဦးစွာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ် အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူများ ဓာတုဗေဒဘာသာရပ် စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီး ကြပ်ရေးမှူးများနှင့် တာ၀န်ရှိသူများအား မိမိတို့လိုက်နာဆောင်ရွက်ကြရမည့် တာ၀န် ၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလို ကြောင်း၊ စာမေးပွဲဖြေစဉ်ကာလအတွင်း လိုအပ်ချက်များရှိပါက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများအား  စာစစ်ဌာနကျောင်းများ၌ လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်မှာကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်၊ မန္တလာ တက္ကသိုလ်များသို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဘာသာရပ်များ၊ တန်းခွဲများ အားလုံး  မေလ (၁၂) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာဆရာမများ အနေဖြင့် သင်ကြားသင်ယူမှုများနှင့်သက်ဆိုင်ရာ ကဏ္ဍများတွင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း၊  သင်ကြားရမည့်ဘာသာရပ်ကို ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်ထားရန် လိုအပ်သကဲ့သို့ ကျောင်းသားများကိုလည်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာပေပညာတတ်မြောက်အောင် သင်ကြား ပေးရုံသာမက စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရန်၊ ယဉ်ကျေးလိမ္မာ စေရန်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်စေရန် သင်ကြားပေးကြစေလို ကြောင်း။

သုတေသနဖွံ့ဖြိုးရေးအတွက် စာအုပ်စာတမ်းများ၊ WiFi ၊ Internet နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုတေသန Grant များ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ စာပေသင်ကြားရာတွင် မည်သည့်ကျောင်းသားကိုမျှ ဖိနှိပ်ချုပ်ချယ်မှု၊ ဘက်လိုက်မှုမရှိစေဘဲ တန်းတူညီမျှသည့် ပညာသင်ယူမှုအခွင့်အလမ်းရရှိအောင် သင်ကြားပေးကြစေလိုကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ဆရာမ များ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း   ပြောကြားသည်။

ထို့နောက် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။