ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တနင်္သာရီတိုင်းဒေသကြီး‌ ထားဝယ်မြို့ရှိ တက္ကသိုလ်၊ပညာရေး ဒီဂရီကောလိပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ထားဝယ် ၂၀၂၂ ဇန်နဝါရီ ၁၄

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ တွေ့ဆုံကာ  ဘုတ်ပြင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဆရာ ဆရာမများ၏  သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ပိုမိုကောင်းမွန်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ   ၁၃-၁-၂၀၂၂ ရက်နေ့တွင် ထားဝယ်မြို့ရှိ ထားဝယ်တက္ကသိုလ်သို့ သွားရောက်၍ အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ပညာရပ်ဝန်းကျင်ကောင်းများ ဖန်တီးပေးကြစေ လိုပါကြောင်း၊ ဘာသာရပ်အလိုက် သက်ဆိုင်ရာ စာအုပ်၊ စာတမ်းများ ဝယ်ယူဖြည့်ဆည်းနိုင်ရေးအတွက် ရန်ပုံငွေများ ချထားပေးလျက် ရှိပါကြောင်း၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေး၊ လိုအပ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စာရင်းပြုစု တင်ပြပေးကြရန်နှင့် ဝိဇ္ဇာဘာသာရပ်များအတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကို စာရင်းပြုစု တင်ပြပေးကြစေ လိုပါကြောင်း၊ တက္ကသိုလ် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊ အမှန်တကယ် တတ်မြောက်သော ပညာတတ်များကို  လေ့ကျင့်မွေးထုတ်ပေးကြ စေလိုပါကြောင်း၊ လက်ရှိဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာ ဘာသာရပ် တစ်ခုကို ထပ်မံဖြည့်ဆည်း ဖွင့်လှစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေ လိုပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြန်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ထားဝယ်ပညာရေးဒီဂရီ ကောလိပ်သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာ ဘာသာရပ်ဌာနမှူးများ၊ ဆရာဆရာမ များနှင့်တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြား၍ ကျောင်းအတွက် လိုအပ်သည့် စာသင်ဆောင်၊ အိပ်ဆောင်၊ ကွန်ပျူတာ၊ အင်တာနက် Wifi နှင့် CCTV များ တပ်ဆင်ဖြည့်ဆည်းနိုင်ရေးနှင့် ဆရာ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ သွားရောက်၍ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။ ထို့သို့တွေ့ဆုံရာတွင် ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ် စာတတ်မြောက်အောင် သင်ကြား၍ ပညာတတ် လူငယ်များကို မွေးထုတ်ပေးကြစေလိုပါကြောင်း စသည်ဖြင့်မှာကြားကာ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်နှင့် ရေသန့်စက်၊ ဆိုလာစနစ်သုံး ရေတင်စက်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သတင်းရရှိသည်။