ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး၊ တက္ကသိုလ်နှင့်အခြေခံပညာ ဆရာဆရာမများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၂၂ ဧပြီ ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ကချင်ပြည်နယ်ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာနများသို့သွားရောက်၍ တက္ကသိုလ်၀င်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာ၀န်ရှိသူများကို ၂၀၂၂ခုနှစ်၊ တက္ကသိုလ်၀င် စာမေးပွဲ၀င်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် လိုက်နာဆောင်ရွက်ကြရမည့် တာ၀န် ၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်၀င်စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကချင် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ပြည်သူ့အားကစားကွင်းတွင် ကျင်းပ သည့်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ မေးခွန်းလွှာ၊ အဖြေလွှာများ ဆောင်ရွက်ထားရှိမှု ကျောင်းသား ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  မြစ်ကြီးနားတက္ကသိုလ်သို့ သွား‌ရောက်ပြီး သိပ္ပံလက်တွေ့ခန်းများ၊ တက္ကသိုလ်စာကြည့်တိုက်များနှင့် စာသင်ဆောင် များကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမတွင် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ ဆရာဆရာမများနှင့်တွေ့ဆုံ၍  မြစ်ကြီးနားတက္ကသိုလ် သုတေသနစင်တာကို လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း၍ အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊   မြစ်ကြီးနား တက္ကသိုလ်တွင် ဘာသာရပ်အစုံ အတန်းစုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည် များကို ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း   ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

ထိုမှတစ်ဆင့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့သွားရောက်၍ စာသင်ဆောင်များ၊ ကျောင်းအဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်  ကချင်ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူး များ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ အခြေခံပညာ  ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေးအတွက် စေတနာထား၍ သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသားကျောင်းသူများကို တစ်ကယ်တတ်အောင် တစ်ကယ်တော်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတွင် ကိုယ်ချင်းစာတရား၊ မေတ္တာတရားထား၍ ပညာရေးလုပ်ငန်းများ အောင်မြင်ရေး လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များနှင့် လိုအပ်သည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြား၍ ကျောင်းများအတွက် စာသင်ဆောင်၊ ကျောင်းဆောင်လိုအပ်ချက်များ၊ ရေတွင်း၊ ရေစင်၊ ရေစက်လိုအပ်ချက်များ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး လိုအပ်ချက်များနှင့် ဆရာဆရာမလိုအပ်ချက်စသည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။