ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲကျင်းပ

ရန်ကုန် ၂၀၁၆ ဧပြီ ၃၀
 
ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာစာနှင့်ဘာသာစကားပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ပညာရေးမှူး များ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းအပ်နှံရေးရာသီတွင် ကျောင်းအပ်နှံသည့် ကျောင်းသားတိုင်း မြို့နယ်အလိုက် အဆင်ပြေစွာ အပ်နှံနိုင်ရေး၊ ကျောင်းနေ အရွယ်ကလေးတိုင်း မူလတန်းပညာ သင်ယူပြီးမြောက်ရေး ရာနှုန်းပြည့်အကောင် အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဆရာ/ဆရာမများ၏အရည်အသွေး မြင့်မားလာအောင် ဆောင်ရွက်၍ လိုအပ်သည်များ ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ ဆရာ/ ဆရာမများနှင့် ၀န်ထမ်းများ လစာပြည့်ရရှိရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကလေးများ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးကို မိဘပြည်သူများ၊ လူမှုရေးအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဖွဲ့များပူးပေါင်း၍ ထိထိရောက်ရောက် မျှတစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာဆောင်ရွက်ချက်များကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လာဘ်ပေးလာဘ်ယူ မရှိရေး၊ ရွှေ့ပြောင်း အလုပ်သမားများ၏ကလေးများ မူလတန်းပညာသင်ယူပြီးမြောက်ရန် ဆောင်ရွက်ပေးရေး၊ ကျောင်းအပ်ရာသီတွင် ကျောင်းသား/ ကျောင်းသူအားလုံးကို တပြေးညီလက်ခံ ဆောင်ရွက်ပေးရေး၊ စာမေးပွဲရလဒ်များကို Grading ဖြင့် ကျောင်းအားလုံးဆောင်ရွက်ရေးနှင့် မိဘဆရာလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကျောင်းဖွံ့ဖြိုးရေး ကို ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
 
ယင်းနောက် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများက အခက်အခဲများကို တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။