ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ အသစ်ခန့်အပ်သည့် နည်းပြ သရုပ်ပြ ဆရာဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၈

မိတ္ထီလာတက္ကသိုလ်နှင့်မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့၌ နည်းပြ သရုပ်ပြ ဆရာဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အသစ်ခန့်ခပ်အပ်သည့်    နည်းပြ သရုပ်ပြ ဆရာ ဆရာမသစ်လွင်များအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပညာရေးအဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်၊ဆရာဆရာမများအရည်အ‌‌သွေးမြှင့်တင်ရေးဆောင်ရွက် ရန်နှင့် နိုင်ငံတော်တွင်ပညာတတ်များပေါများအောင်ဆောင်ရွက်ရန် အမြဲလမ်းညွှန်လျက်ရှိပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသစ်ခန့်အပ်ခံရသည့် ဆရာဆရာမများအား စီမံခန့်ခွဲရေး သင်တန်း၊သင်ပြနည်းအပါအဝင် ပညာရေးဘာသာရပ် သုံးဘာသာ မွမ်းမံသင်တန်းနှင့်သက်ဆိုင်ရာ ဘာသာရပ်မွမ်းမံသင်တန်းများကို တစ်လကြာဖွင့်လှစ်ကာ ဆရာဆရာမသစ်လွင်များအား အရည် အသွေးမြှင့်တင်ပေးလျှက်ရှိပါကြောင်း၊  ဆရာဆရာမများအနေဖြင့်ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာ ဘာသာရပ်ကို သင်ကြားပေးရုံသာမက  ကျောင်းသားကျောင်းသူများကလည်း မဂ်လာ တရား၊ ဂါရဝတရားနှင့်အညီပြောဆိုဆက်ဆံတတ်ရေး   မြန်မာ့ယဉ်ကျေးမှုအစဉ်လာများ ဆက်လက် ထိမ်းသိမ်း‌စေရေးအတွက်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လူတိုင်း စည်းကမ်းလိုက်နာမှတိုးတက်မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စည်းကမ်းကောင်းမွန်အောင် လေ့ကျင့်ပေးစေလိုပါကြောင်း၊ ဆရာများသည်ထာဝရ ဆရာများဖြစ်သကဲ့သို့ ထာဝရစေတနာ့ ဝန်ထမ်းများလည်းဖြစ်သဖြင့် မိမိတို့ထက်အသိပညာ အတတ်ပညာ အတွေ့အကြုံ ပိုမိုရင့်ကျက်‌သော ဆရာကြီးဆရာမကြီးများအ‌ပေါ် ဂါရဝတရားရှေ့ထား၍ လေးစားစွာ ပြုမူဆက်ဆံကြရမည်ဖြစ်ပါ ကြောင်း၊ ဆရာများအနေဖြင့် မိမိကိုယ်ကို ထာဝရကျောင်းသားကြီးများအဖြစ်ခံယူ၍ အမြဲမပြတ် သင်ယူဆည်းပူးလေ့လာနေရမည်ဖြစ်ပါကြောင်း၊ ဆရာများကိုယ်တိုင် စံပြထူးချွန်ထက်မြက်နေမှသာ တပည့်များကိုလည်း ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်း အချိန်ကာလတိုတောင်းသော်လည်း အခွင့်အရေးကိုရယူအသုံးချလျက် မိမိ၏အရည်အသွေးကို မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း၊ ကြိုးစားသင်ယူ၍ မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ဆရာသည် စာများများဖတ်ရန်လိုအပ်ပြီး စာကြည့်တိုက်၊အင်တာနက် စသည်များတွင် မိမိတို့ကိုယ်တိုင်လေ့လာပြီး တပည့်များကိုလည်း သင်ကြား‌လေ့ကျင့်ပေးစေလိုပါ ကြောင်း၊ မိမိတို့တပည့်များအား တစ်ချိန်တွင်မိမိတို့နေရာ၌လက်ဆင့်ကမ်းပေးခဲ့ကြရမည်ဖြစ်၍ ယခုကတည်းက အရည်အသွေးရှိအောင် သင်ကြားပေးကြစေလိုပါကြောင်း၊ လူငယ်များကို ရိုးသား ကြိုးစားပြီး လောကကိုအလှဆင်နိုင်သူများဖြစ်အောင် ပျိုးထောင်ပေး‌စေလိုပါကြောင်း၊ မည်သည့် ခွဲခြားမှုမျှ မရှိစေဘဲ သင်ယူမှုအခွင့်အလမ်းတပြေးညီရရှိအောင် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လူတိုင်းတွင် အရည်အချင်းတစ်ခုစီရှိ၍တန်ဖိုးရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေကြသည့် ပညာရေးမိသားစုများအနေဖြင့် အကြီးနှင့်အငယ် ဆရာနှင့်တပည့် စသည်ဖြင့်တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် အပြန်အလှန်လေးစားတန်ဖိုးထား ဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ‌ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာမများအ‌နေဖြင့် ကျောင်းသား ကျောင်းသူ များအား စာတတ်အောင်သင်ကြားပေးနိုင်သည့် စာသင်ကောင်းသော ဆရာဆရာမ များဖြစ်လာစေရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်းနှင့်ပါမောက္ခချုပ်များက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက်မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက  နည်းပြ သရုပ်ပြ ဆရာဆရာမ သစ်လွင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှချီးမြှင့်‌ငွေများကို ထောက်ပံ့ ပေးအပ်ရာ ဝိဇ္ဇာ သိပ္ပံဘာသာရပ်ကိုယ်စားလှယ် ကျောင်းသားကျောင်းသူများက လက်ခံရယူသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း(ရှမ်းတဲ) သို့သွားရောက်၍ ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်များ၊သိပ္ပံလက်‌တွေ့ခန်း၊ စာကြည့်တိုက်၊ ဆရာနားနေဆောင်၊ ရေသန့်စက် စသည်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်မှပါ‌မောက္ခ တွဲဖက်ပါမောက္ခ များနှင့် မကြာခင်က ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဆရာဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ် များပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ပညာတတ်လူငယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးကြရန် မှာကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာဆရာမ များက သိလိုသည်များမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူ များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့‌သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက် ကြည့်ရှု၍အဆောက်အအုံများမွမ်းမံတည်ဆောက်ရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

အသစ်ခန့်အပ်သည့် နည်းပြ သရုပ်ပြ ဆရာဆရာမသစ်လွင်များ မွမ်းမံသင်တန်းကို ၈-၁၁-၂၀၂၁ ရက်နေ့မှ တစ်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။