ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ မန္တလေးတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၃

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတက္ကသိုလ် အင်းဝဆောင်ခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံဆွေးနွေးရာ ၇-၉-၂၀၂၁ ရက်နေ့က ကျင်းပသည့် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပညာရေးကဏ္ဍ မြင့်မားရေးအတွက် တက္ကသိုလ်/ကောလိပ်ကျောင်းများကို အရည်အသွေးရှိအောင် ဆောင်ရွက်ရန်နှင့် စာကြည့်တိုက်များကိုလည်း စနစ်တကျ အဆင့်မြှင့်တင်သွားရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ သင်ကြားသင်ယူရေးနှင့်သုတေသနလုပ်ငန်းများကို အထောက်အကူပြုစေရန် တက္ကသိုလ်စာကြည့်တိုက်များတွင် စာကြည့်တိုက်မှူး၊ လက်ထောက်စာကြည့်တိုက်မှူးနှင့် စာကြည့်တိုက်အရာထမ်း အမှုထမ်းများ ပြည့်စုံအောင် ခန့်ထားရေး၊ စာအုပ်စာတမ်းများ၊ ပရိဘောဂများပြည့်စုံစွာဖြည့်တင်းရေး၊ ဒီဂျစ်တယ် စာကြည့်တိုက်စနစ်သို့ အဆင့်ဆင့် ကူးပြောင်းရေးနှင့် စာဖတ်သူများ၊ စာငှားသူများ စာကြည့်တိုက်ကို စိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ပြီး လိုအပ်သောရန်ပုံငွေများကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မကြာမီ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေ လိုပါကြောင်း၊ အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမများကို နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ တာဝန်ကျရာ တက္ကသိုလ်အသီးသီးတွင် သင်ပြနည်းဆိုင်ရာ ပညာရေးဘာသာရပ် ၃ ခုနှင့် ဌာနတွင်းဘာသာရပ် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချပေးရာ တွင်လည်း စေတနာထား၍ လေ့ကျင့်ပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ရာထူးအဆင့်ဆင့် တွင် ရာထူးတိုးမြှင့်ခန့်ထား ပေးလျက်ရှိရာ ရာထူးအလိုက် ရှိသင့်သော အရည်အသွေး ကောင်းများကို အမြဲမပြတ်ဆည်းပူးလေ့လာမြှင့်တင်နေကြရမည်ဖြစ်ပါကြောင်း၊ သုတေသနသုံး၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရေး အတွက် ရန်ပုံငွေများ တောင်းခံကာ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရာထူးတိုးမြှင့်ခန့်ထားသော ဆရာ ဆရာမများ နှင့် အသစ်ခန့်ထားသော နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။