ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ရခိုင်ပြည်နယ် သံတွဲနှင့် တောင်ကုတ်မြို့ရှိ ပညာရေး မိသားစုများနှင့် တွေ့ဆုံ

ရန်ကုန် ၂၀၁၇ ဇန်န၀ါရီ ၇



ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဇန်န၀ါရီ(၇)ရက် နံနက်(၉)နာရီခွဲတွင် တာ၀န်ရှိသူများလိုက်ပါ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး သံတွဲမြို့နယ်မှ ပညာရေး၀န်ထမ်းမိသားစုများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ၊ ပြည်နယ်နှင့်ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ပညာရေး၀န်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထိုသို့ပြောကြားရာတွင် ပညာရေးအရည်အသွေးမြင့်မားစေရန် ဆရာ၊ ကျောင်းသား၊ မိဘ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ဆရာ၊ ဆရာမများက စေတနာ၊ ၀ါသနာ၊ အနစ်နာ နာသုံးနာဖြင့် သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံ တော်အတွက် ထွန်းလင်းတောက်ပသော အနာဂတ်ကြယ်ပွင့်များဖြစ်အောင် မွေးထုတ်ပေးရန်လို ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်ကြရန်လိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ တက်ရောက်လာသော ပညာရေး မိသားစုများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာ၀န်ရှိသူများက ပြန်လည်ဖြေကြားသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် တက်ရောက်လာကြသော ပညာရေးမိသားစုများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပါသည်။ ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် တာ၀န်ရှိသူများလိုက်ပါ၍ တောင်ကုတ်ဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး ပညာရေးမိသားစုများနှင့်တွေ့ဆုံသည်။ ရှေးဦးစွာ တောင်ကုတ်ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ၀င်းနိုင်က တောင်ကုတ် ဒီဂရီကောလိပ်နှင့်ပတ်သက်သော ဆောင်ရွက်ထားရှိမှုအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းမှာကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းက တောင်ကုတ်ဒီဂရီကောလိပ်နှင့်ပတ်သက်၍ ပညာရေး၀န်ကြီးဌာနမှ ဖြည့်စွက်ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသော ပညာရေးမိသားစုများအား ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးက တရင်းတနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။