ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပညာရေး၀န်ထမ်းများနှင့်တွေ့ဆုံ

စစ်တွေ ၂၀၁၇ ဇွန် ၁၀



ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့ အထက(၂) ကျောင်းခန်းမ ၌ပြုလုပ်သော အခြေခံပညာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ ဇွန် (၉)ရက်နေ့ ညနေပိုင်းတွင် တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများ၏ သင်ကြားရေးဆိုင်ရာနှင့် ၀န်ထမ်းရေးရာဆိုင်ရာကို မေးမြန်းဆွေးနွေးခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်း တွင် အထက(ခွဲ)စက်ရုံစု၊ အလက(ခွဲ)ဆတ်ရိုးကျ(ခ)၊ အမက မူလွန် သာယာကုန်းနှင့် အထက သက္ကေပြင်ကုန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး မိုရာလေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ပြီး ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ တင်ပြချက်များအပေါ် တာ၀န်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စစ်တွေတက္ကသိုလ်၊ စစ်တွေနည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများအားတွေ့ဆုံ၍ သင်ကြားရေးနှင့် ၀န်ထမ်းရေးရာဆိုင်ရာ မေးမြန်းဆွေးနွေးချက်များအပေါ် တာ၀န်ရှိသူများနှင့်ညှိနှိုင်း ရှင်းလင်းဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဆရာ၊ ဆရာမများအနေဖြင့် အတန်းချိန်မှန်မှန်၀င်ရောက်ပြီး ထိရောက်သောသင်ကြား သင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား သင်ကြားမှုဆောင်ရွက်ရာတွင် ဒေသအလိုက် လိုအပ်ချက်နှင့်ကိုက်ညီပြီး အကျိုးရှိမည့်ဘာသာရပ်များကို ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်များ၌ သုတေသနလုပ်ငန်းများကို ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ရေး၊ တက္ကသိုလ် ကောလိပ်အသီးသီးရှိ ဆရာ၊ ဆရာမများသည် မိသားစုစိတ်ဓာတ်ဖြင့် ဒေသအကျိုးပြု ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။