ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၂၀ အောက်တိုဘာ ၁၅

အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံ-ယူနီဆက်ညီလာခံ (ASEAN-UNICEF Conference on Digital Transformation of the Education System throughout ASEAN) ကို ယနေ့နံနက် ၈ နာရီတွင် Zoom Webinar စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပညာရေးစနစ်ကို ပြင်းထန်စွာထိခိုက်စေလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယင်းကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်စေရန်နှင့် ပညာရေး စနစ်ပိုမိုကောင်းမွန်လာစေရန် အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးဟူသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျောင်းများပြန်လည် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေးကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ ထိတွေ့မှုလျှော့ချခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ နှာခေါင်းစည်းနှင့် မျက်နှာအကာများတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ၂ မီတာအကွာမှ ဆက်သွယ်ပြောဆိုခြင်းနှင့် ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာ စနစ်တကျလက်ဆေးခြင်းတို့ကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်တွင်းကူးစက်မှု နှုန်းမြင့်တက်လာမှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းများကို ပိတ်ခဲ့ရပါကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (COVID-19 Response and Recovery Plan) နှင့်အတူ ပညာရေးကဏ္ဍအတွက် အမျိုးသားအဆင့် မြန်မာ ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် (Myanmar COVID-19 National Response and Recovery Plan for the Education Sector) တို့ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပါမောက္ခချုပ်များကော်မတီက တည်ဆောက်ခဲ့သော မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်း (Myanmar Digital Education Platform - MDEP) ကို အသုံးပြုလျက် Grade 4,7,10 သင်ရိုးညွှန်းတမ်းအသစ်များကို မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများအားလုံးအား အွန်လိုင်း သင်တန်းများ ပို့ချခဲ့ပါကြောင်း၊ MDEP ၊ ပြည်သူပိုင် ပုဂ္ဂလိကပိုင် TV Channels များနှင့် ရေဒီယိုများမှထုတ်လွှင့်ရန် Audio နှင့် Video သင်ခန်းစာများကို ပြုစုတည်းဖြတ်လျက်ရှိ ပါကြောင်း၊ ဗီဒီယိုသင်ခန်းစာများကို Education Channel ရုပ်မြင်သံကြားမှ တစ်နေ့လျှင် ၈ နာရီကြာ ထုတ်လွှင့်ပြသလျက်ရှိပါကြောင်း၊ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ DBE Box မှ သင်ယူမှုအခွင့်အလမ်းများရရှိစေရန်အတွက် DBE Stick များတွင် ထည့်သွင်း ရန် သင်ခန်းစာများကို ပြုစုလျက်ရှိပါကြောင်း၊ အတန်းတိုင်းမှ ကျောင်းသား ကျောင်းသူများ၊ မိဘများ အပတ်စဉ်၊ လစဉ် ပုံမှန် download ပြုလုပ်နိုင်မည့် နေအိမ်အခြေပြုသင်ခန်းစာ များကိုလည်း ပြုစုလျက်ရှိပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးဒီဂျစ်တယ် အချက်အလက် များ (Stipend Database) ၊ ထိရောက်သောစီမံခန့်ခွဲမှုအတွက် ဆက်သွယ်ရေး (Communication for Efficient Management – C4M) ၊ ကျောင်းပြင်ပပညာရေး (Alternative Education – AE) ၊ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System – EMIS) နှင့် ဝန်ထမ်းစီမံခန့်ခွဲမှုစနစ် (Staff Management System – SMS) ကဲ့သို့သော လက်ရှိအသုံးပြုလျက်ရှိသည့် ဒေတာစနစ်များသည် ကိုဗစ်-၁၉ တုံ့ပြန်ရေးအတွက် လွန်စွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ MDEP ကို အသုံးပြု၍ တက္ကသိုလ်များအတွက် အွန်လိုင်းသင်ယူမှုကို အကောင်အထည်ဖော်သွားမည်ဖြစ်သကဲ့သို့ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသများမှ တက္ကသိုလ်ကျောင်းသားများအတွက် DHE Box နှင့် Data Stick များ ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ပုံမှန်အဝေးသင်ပညာရေးစနစ် အပြင် အွန်လိုင်းမှတဆင့် သင်ယူနိုင်မည့် Myanmar National Open University ထူထောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေး၌ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများကို တက္ကသိုလ် များ၊ ကျောင်းများအား ပံ့ပိုးပေးခြင်း၊ ဖွံ့ဖြိုးမှုအားနည်းသောဒေသများကို ဦးစားပေး ဆောင်ရွက်ခြင်းသည် ဒီဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲသင်ယူမှုအတွက် လွန်စွာအရေးကြီး ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်လူငယ် အားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ပညာရေးအထူးဝန်ဆောင်မှုအစီအစဉ် (Special Needs Education Program) ကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးမှုအားနည်း သောဒေသများအတွက်လည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government Program ကို အားပေးလျက်ရှိပြီး Computer, Laptop, Tablet များကို ကျောင်းများ၊ သက်မွေးပညာကျောင်းများနှင့် တက္ကသိုလ်ကောလိပ်များသို့ ခွဲဝေပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များတွင် အင်တာနက်၊ Wi-fi နှင့် Websites များ ပံ့ပိုးပေးခဲ့ပါကြောင်း၊ အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ် ဆရာ ဆရာမများအတွက် သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System) နှင့် ဒီဂျစ်တယ်သင်ကြားသင်ယူမှုနည်းစနစ် (Digital Teaching- Learning Methodology) များ တိုးတက်ရေးကို အားပေးပြီး သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ခန်းတွင်းသင်ယူမှု (Face-to-face Learning)၊ အွန်လိုင်းသင်ယူမှု (Online Learning) နှင့် ပေါင်းစပ်သင်ယူမှု (Blended Learning) များမှတဆင့် ဒေသတွင်း လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် လူတိုင်းအတွက် ဘဝတစ်သက်တာသင်ယူမှုအခွင့်အလမ်းများကို မြှင့်တင်ပေးလိုပါ ကြောင်း၊ ထို့ကြောင့် ပါမောက္ခချုပ်များကော်မတီသည် တက္ကသိုလ်နှင့် လုပ်ငန်းခွင် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး (University-Industry Partnership) အပါအဝင် တက္ကသိုလ်နှင့် ကောလိပ်အားလုံး လွတ်လပ်သော ကိုယ်ပိုင်စီမံခန်ခွဲခွင့်ဖြင့် ရပ်တည်ရေး ကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် ပညာရေးစနစ်ကို ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုသည် အဆင့်မြင့်နည်းပညာများနှင့် ကိရိယာများကို အသုံးပြု၍ သင်ယူမှုပတ်ဝန်းကျင်ကောင်းကို ပုံဖော်ခြင်းပင်ဖြစ်ပါကြောင်း၊ လူသားအင်အားစုနေရာတွင် အလိုလျောက်နည်းပညာများ၊ AI, Robots, IOT တို့က အစားထိုးဝင်ရောက်လာလျက်ရှိသဖြင့် လုပ်သားအင်အားစုများအတွက် ယှဉ်ပြိုင်မှုပိုမိုအားကောင်း လာပါကြောင်း၊ ထို့ကြောင့် နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသော ယနေ့ကမ္ဘာကြီးတွင် လုပ်သား အင်အားစုများအနေဖြင့် ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ သဘောထားအမြင်နှင့် လူမှုရေး တန်ဖိုးများကို မြှင့်တင်ပေးရန် လိုအပ်လာပါကြောင်း၊ COVID-19 ကပ်ရောဂါကာလတွင် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေ ရေးအတွက် အရေးပါသော်လည်း ယင်းတို့မှာ ၂၁ ရာစုကျွမ်းကျင်မှုများအတွက် အရည်အချင်းပြည့်ဝသော ဆရာ ဆရာမများ၏ စာသင်ခန်းတွင်းသင်ကြားမှု (Face-to-face Learning) ကိုမူ အစားထိုးနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံသားကောင်း အရည်အသွေး၊ ဆက်သွယ်မှုအရည်အသွေး၊ အဖွဲ့လိုက်ဆောင်ရွက်တတ်မှု၊ အပြုသဘော ဆောင်သောအမြင်ရှိမှုနှင့် ပင်ကိုယ်စွမ်းရည်ကဲ့သို့သော Transferrable Skills များကို မြှင့်တင်ပေးသွားရန် အရေးပါလျက်ရှိနေပါကြောင်း၊ အလားတူပင် High-tech Learning နှင့် High-touch Learning နှစ်မျိုးလုံးသည်လည်း နည်းပညာခေတ်တွင် ဒေသတွင်း အဆင့်နှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာ စေရေးအတွက် တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရေးတွင် အရေးပါလျက် ရှိပါကြောင်း၊ အနာဂတ်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ စာသင်ကျောင်းများနှင့် တက္ကသိုလ်စာသင်ခန်းများသည် ကျောင်းသားများအတွက် ခေတ်မီဒီဂျစ်တယ်နည်းပညာ များဖြင့် ပေါင်းစပ်ပံ့ပိုးပေးနိုင်ရေးပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နည်းပညာနှင့် အခြေခံအဆောက်အအုံပံ့ပိုးမှု၊ ပညာရေးအင်အားစု၏ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှု၊ ဒီဂျစ်တယ်နည်းပညာဖြင့် သင်ကြားသင်ယူမှု၊ အရည်အသွေးအာမခံမှု၊ အာဆီယံဒေသ တွင်း အရည်အသွေးအသိအမှတ်ပြုမှုများကို အာမခံမည့် အသွင်ကူးပြောင်းခြင်းဆိုင်ရာ မဟာဗျူဟာစီမံကိန်းများနှင့် မူဝါဒများတိုးတက်ရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း၊ လုံခြုံစိတ်ချမှုရှိသော ဒီဂျစ်တယ်နည်းပညာဖြင့် သင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေးနှင့် အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြောင်းလဲသွားရေးဟူသော ဤညီလာခံ၏ ပူးတွဲကြေညာချက်ကို အနာဂတ်ဒေသတွင် သာတူညီမျှမှု၊ အားလုံးပါဝင်မှုကို အားပေးလျက် ထောက်ခံပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အာဆီယံပညာရေးဝန်ကြီးများက မိမိတို့၏သဘောထားအမြင်များကို အလှည့်ကျဆွေးနွေးကြကာ အာဆီယံပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။