ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန် ၂၀၂၁ ဧပြီ ၁၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေးပညာကဏ္ဍမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အမှာစကားပြော ကြားရာတွင် မိမိအနေဖြင့် ခရီးစဉ်များသွားလာရာတွင် နေပြည်တော်၊ မိတ္ထီလာ၊ မကွေးနှင့် ပုသိမ်မြို့တို့ရှိ အခြေခံပညာ ကျောင်းများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါကြောင်း၊ အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍ အခြေခံပညာကျောင်းများအားလုံးကို ဇွန်(၁)ရက်နေ့တွင် နောက်ဆုံးထားဖွင့်လှစ်မည်ဖြစ်ပါ ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍ မေလ(၅)ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များ၏ နောက်ဆုံးနှစ်သင်တန်းများနှင့် မဟာတန်းများကို ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် ဖြေဆိုရင်ကျန်ရှိနေသည့် ဘာသာရပ်များကို ကျောင်းတက်နေသည့် ကာလအတွင်း ဘာသာရပ်အလိုက် Review များပြုလုပ်ပြီး ဖြေဆိုရမည်ဖြစ်ပါကြောင်း၊ မဟာ(ဒုတိယနှစ်) အောင်စာရင်းများကို အမြန်ဆုံးထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်း၊ ယင်းသို့ထုတ်ပြန်ပေးခြင်းဖြင့် နည်းပြ၊ သရုပ်ပြရာထူးများ လျှောက်ထားလိုပါက  လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများခန့်ထား‌ရေးနှင့် စပ်လျဉ်း၍ အခြေခံနှင့် အဆင့်မြင့်ပညာကဏနှစ်ခုစလုံးတွင် ဖြည့်ဆည်းခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများဖွင့်လှစ် ရာတွင်တက်ရောက်သူနည်းပါးပါက ကျောင်းများကိုပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးမဟာဘွဲ့(M.Ed) တက်ရောက်ခွင့်များကိုလည်း မူလလက်ခံသည့် ဦးရေထက်ပိုမိုပြီး လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ပညာရေးမဟာဘွဲ့(M.Ed) တက်ရောက်နေစဉ်အတွင်း လုပ်ငန်းတာဝန်များမလစ်ဟင်းစေရန် ဆရာဆရာမလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးတွင် ပညာသင်ကြားမှုများရပ်တန့်နေပါက ကျောင်းသား ကျောင်းသူများအနေ ဖြင့် အခက်အခဲများရှိလာမည် ဖြစ်ပါကြောင်း၊ ၀န်ထမ်း စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး ရုံးတက်ရောက်ခြင်းမရှိသည့် ဝန်ထမ်းများအတွက် လစာငွေများကို ပေးချေရန်မလိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ ကျောင်းမတက်ပါက မိမိတို့၏တပည့်များ၊ နိုင်ငံတော်ရှိ လူငယ်လူရွယ်များ၏အနာဂတ်ဘဝများကို ထိခိုက်နစ်နာမည်ဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားပေးကြ စေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ CDM တွင်ပါဝင်ပြီး ရုံးပြန်လည်တက်ရောက်ပါက ခံဝန်လက်မှတ်ရေးထိုးရန်လိုအပ်ပြီး ဒုတိယအကြိမ် ထပ်မံဖောက်ဖျက်ခြင်းများရှိပါက မိမိတို့အနေဖြင့် ကာကွယ်ပေးနိုင်မည် မဟုတ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများ ကျောင်းတက်မှန်ကန်မှုရှိစေရန်နှင့် CDM လှုပ်ရှားမှုတွင်ပါဝင်နေသည့် ဆရာ ဆရာမများကို နိုင်ငံ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်တာဝန်ထမ်းဆောင်ကြစေရန် နှိုးဆော်တိုက်တွန်းပေး ကြစေလိုပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် CDM လှုပ်ရှားမှုမှပြန်လည် တာဝန်ထမ်းဆောင် လာကြသည့် ဆရာ ဆရာမများကိုလည်း ကြိုဆိုကြစေလိုပါကြောင်း၊ ကျောင်းများတွင် ရေ မီးရရှိမှုအခြေအနေများကို  စစ်ဆေးရန်၊ ဆရာဆရာမများအတွက် သီးသန့် သန့်စင်ခန်းလိုအပ်ချက်များကို တင်ပြကြရန်နှင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း၏ အထွေထွေ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက်ပေးလိုပါကြောင်း၊ ကျောင်းများအားလုံးတွင် ကျောင်းသား ဆရာ အချိုးအရ ကျောင်းအတွက်လိုအပ်သော ပရိဘောဂပစ္စည်းများ၊ ရေ၊ မီး၊ ပြည့်စုံမှုတူညီရန်လိုသကဲ့သို့ သင်ကြားရေး နှင့် စီမံခန့်ခွဲရေးပြည့်စုံကောင်းမွန်မှုများလည်း တူညီရန်လိုအပ်ပါကြောင်း၊ အထက်တန်းကျောင်းများ တွင် (၈)ပေ (၄)ပေ ကြော်ငြာဘုတ်(၅)ခု၊ အလယ်တန်းကျောင်းများတွင် (၃)ခုနှင့် မူလတန်းကျောင်းများ တွင် (၂)ခုပေးမည်ဖြစ်၍ မြို့နယ်ပညာ ရေးမှူးများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် စာသင်ခုံလိုအပ်ချက်၊ ဆရာ ဆရာမလိုအပ်ချက်များကို မြို့နယ်တစ်ခုချင်းစီအလိုက် ဧပြီလ (၂၃)ရက်နေ့ နောက်ဆုံး ထားတင်ပြကြစေလိုကြောင်း၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် ဆရာ ဆရာမများကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် ဘယ်နေရာ ဘယ်အခြေအနေမှာပဲရှိရှိ စိတ်စေတနာကောင်းရှိရန်နှင့် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ထားကာ မိမိတာဝန်ယူသည့် အလုပ်အပေါ် ကြိုးစားဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍအပါအဝင် ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်သက် (၃၆)နှစ်နှင့်အထက် အလုပ်ထုတ်ပယ်ခံခဲ့ကြရသူများအနေဖြင့် မိမိတို့၏ထိခိုက်နစ်နာမှုများ ရှိသည်ဟုယူဆပါက ပညာရေးဝန်ကြီးဌာနသို့ တင်ပြနိုင်ပြီး ပြည်လည်ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဆရာကြီး ဆရာမကြီးများက ဆရာ ဆရာမ လိုအပ်ချက်၊ စာသင်ခုံနှင့် ပရိဘောဂပစ္စည်းလိုအပ်ချက်၊ ကျောင်းဆောင်လိုအပ်ချက်များ၊ အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်းနိုင်ရေးနှင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။