ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ် (School Improvement Support Programme) ဆိုင်ရာသင်တန်းတွင် ဆွေးနွေးမှာကြား

နေပြည်တော် ၂၀၁၇ ဇွန် ၁၂

 

ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အစီအစဉ်ဆိုင်ရာသင်တန်းကို ၂၀၁၇ခုနှစ် ဇွန်လ ၁၁ ရက်နေ့ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးမှာကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် အခြေခံပညာအရည်အသွေးနှင့် သင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားလာစေရေး၊ မိဘအုပ်ထိန်းသူများထံမှ ကျောင်းအပ်နှံမှုတွင် ငွေကြေးမကောက်ခံရေး၊ ပြည်သူလူထုမှ ထည့်ဝင်နေရသော ထောက်ပံ့ငွေပမာဏကို လျှော့ချနိုင်စေရေးနှင့် အခြေခံပညာကျောင်းများ၏ အရည်အသွေးမီ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်ကောင်းဖြစ်ထွန် ပေါ်ပေါက်လာစေရေးတို့အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေထောက်ပံ့မှု အစီအစဉ်တစ်ခုအနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းဖွံ့ဖြိုး တိုးတက်မှုအထောက်အကူပြု အစီအစဉ်အတွက် သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ သုံးစွဲနိုင်ရန် ယခုသင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အလေအလွင့်မဖြစ်စေပဲ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိအောင် အသုံးပြုရမှာဖြစ်ပါကြောင်း၊ လမ်းညွှန်စာအုပ်နှင့်အညီ ကော်မတီဖွဲ့၍ ထိရောက်ပွင့်လင်းမြင်သာစွာ သုံးစွဲရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုအရည်အသွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ၏ လိုအပ်ချက်များကိုလည်း ခွင့်ပြုဘဏ္ဍာငွေအရ ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို ပြည်သူနှင့်အတူ စနစ်တကျ ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ပညာရေးမှူးများက မေးမြန်းဆွေးနွေးအကြံပြုတင်ပြကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိရသည်။