ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများအဖြစ် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်

နေပြည်တော် ၂၀၂၂  စက်တင်ဘာ ၁၉

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအဖြစ် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်တွင် ၁၄၇၉ ဦး၊ စက်တင်ဘာလ ၁၅ ရက်တွင် ၈၆၂ ဦးဖြင့် စုစုပေါင်း ၂၃၄၁ ဦးကို ရွေးချယ်ခန့်အပ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမများအနေဖြင့် ပညာရည်မြင့်မားသည့် မျိုးဆက်သစ်များကို မွေးထုတ်ပေးရမည့် တာဝန်ရှိလာသည်နှင့်အညီ မိမိတို့ကိုယ်တိုင် ပညာအရည်အသွေး၊ အရည်အချင်းများပြည့်ဝအောင် အမြဲလေ့လာသင်ယူနေကြရ မည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ဘာသာရပ်အပေါ်နားလည်ကျွမ်းကျင်မှ ကျောင်းသားကျောင်းသူများကို နားလည်တတ်ကျွမ်းအောင်၊ ထူးချွန်အောင်သင်ကြားပေးနိုင်မည်ပါဖြစ်ကြောင်း၊ သင်ကြားရေး သာမက နိုင်ငံအတွက်အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ အားကောင်းမှသာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊   မိမိတို့သည် ဝန်ထမ်းများဖြစ်၍ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအားလုံးကို သိရှိလိုက်နာရန်လိုကြောင်း။

ဆရာ ဆရာမများဖြစ်လာပြီဖြစ်၍ အချင်းချင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရန်လိုကြောင်း၊ အားလုံးနှင့်အတူတူလက်တွဲကာ တာဝန်ထမ်းဆောင်ကြရသူများဖြစ်၍ ဆရာ ဆရာမကျင့်ဝတ် သိက္ခာများနှင့်အညီ ပြုမူပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ အငယ်ကအကြီးကို လေးလေးစားစားဂါရဝတရားဖြင့် ဆက်ဆံရန်လိုသကဲ့သို့ အကြီးကလည်းအငယ်အပေါ်မှာ မေတ္တာထား၍ ဆက်ဆံကြရန်လိုအပ်ပါကြောင်း၊ စည်းကမ်းဘောင်အတွင်း ညင်သာသိမ်မွေ့စွာ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  တက္ကသိုလ်သည် ပညာတတ်များစုဝေးရာ နေရာဖြစ်၍ နူးညံ့သိမ်မွေ့ကြရမည်ဖြစ်ပါကြောင်း၊ အားလုံးစည်းစည်းလုံးလုံး  ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲဆောင်ရွက်၍ ပညာရေးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

အခမ်းအနားကို မြကျွန်းညိုညိုတက္ကသိုလ်တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision) ၄ ရပ် အောင်မြင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးလှ၍ စာသင်ကောင်းသော ဆရာ ဆရာမများဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်က အားထားရမည့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်တပည့်များကို မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။     

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အသစ်ခန့်အပ်သော သစ်လွင်နည်းပြ၊ သရုပ်ပြ ဆရာဆရာမများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။