နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၂၀၁၇ ဖေဖော်၀ါရီ ၉



နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော်၊ တိုင်းရင်းသားရိုးရာ ၀တ်စုံသရုပ်ပြပွဲနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ယနေ့နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပရာ ရန်ကုန်ပညာရေး တက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က အဖွင့်အမှာ စကားပြောကြားသည်။ ရှေးဦးစွာ ကျပန်းစကားပြောပြိုင်ပွဲတွင် အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများနှင့် မိတ်ဆက်ပေးပြီး အကဲဖြတ်ဒိုင်လူကြီးတစ်ဦးက အမှတ်ပေးစည်းမျဉ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြိုင်ပွဲ၀င်ကျောင်းသား ကျောင်းသူ(၉)ဦးက ကျပန်းစကားပြောပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ရန်ကုန်ပညာရေးတက္ကသိုလ် တာ၀န်ခံပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က ဆုရရှိကြသူများအား ဆုချီးမြှင့်ရာ စတုတ္ထနှစ် ဒုတိယနှစ်၀က်မှ မောင်အံ့မင်းပိုက်က ပထမဆုကိုလည်းကောင်း၊ တတိယနှစ် ပထမနှစ်၀က်မှ မောင်ကောင်းထက်၀င်းက ဒုတိယဆုကို လည်းကောင်း၊ စတုတ္ထနှစ် ပထမနှစ်၀က်မှ မောင်အားမာန်ထက်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြောင်းသိရသည်။