နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ကျောင်းသားကျောင်းသူများကို နိုင်ငံတော်က အားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေး

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၁၆

တက္ကသိုလ်ကျောင်းအပ်လက်ခံမှုများကို ယခင်က နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထားအပ်နှံရန် သတ်မှတ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် နိုဝင်ဘာလကုန်အထိ စနေ၊ တနင်္ဂနွေရက်များအပါအဝင် ကျောင်းအပ် လက်ခံဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုဝင်ဘာလ နောက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည် မဟုတ်ပါကြောင်း ယနေ့နံနက် ၉ နာရီခွဲတွင်  နေပြည်တော် ပညာရေး ဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်း အဝေးခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြား သင်ယူရေးသည် အရေးကြီးပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကို သင်ကြားသင်ယူမှုအောင်မြင်အောင်  ဆရာ ဆရာမများအနေဖြင့် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ တက္ကသိုလ်အသီးသီးရှိ ကွန်ပျူတာဌာနများက မိမိတို့ကျောင်းရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို လစဉ် update ဖြည့်သွင်း ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ညံ့သူကို တော်လာအောင်၊ တော်သူကို ပိုမိုထူးချွန်ထက်မြက်လာအောင် ပြုစုပျိုးထောင်သင်ကြားပေးစေလိုပါကြောင်း၊  ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များအနေဖြင့် စာသင်ခန်းများတွင် သင်ကြားသင်ယူနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ သင်ကြားသင်ယူမှုဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအတွက် ခွဲဝေရရှိထားသည့် သင်ထောက်ကူပစ္စည်းများကို  အကျိုးရှိထိရောက်အောင် သုံးစွဲဆောင်ရွက်ကြစေလိုပါကြောင်း၊ သုံးစွဲမှုမှတ်တမ်းများကိုလည်း စနစ်တကျထားရှိကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့တက္ကသိုလ်ပညာသင်နှစ် အစမှစတင်၍ ကျောင်းသားကျောင်းသူများကို စေတနာအပြည့်ဖြင့် အမှန်တကယ်တတ်အောင် သင်ကြားပေးကြ စေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စိန်ရတုလွတ်လပ်ရေးနေ့ ပြခန်းများတွင် တက္ကသိုလ်များ၏ သိပ္ပံပြခန်းများ ထိရောက်စွာ ပြသရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို အထောက်အကူပြုမည့် အသုံးချဘာသာရပ်များ တိုးချဲ့ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုလျှင် အနည်းဆုံး တက္ကသိုလ်တစ်ခုတွင် ပါရဂူတန်းဖွင့်လှစ်ရေး၊ အသုံးချသုတေသန ဆောင်ရွက်ရေး အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ လက်တွေ့ခန်းတွင် လေ့ကျင့်သင်ယူနေမှုများနှင့် ဘာသာရပ်ဌာန အသီးသီးတွင် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိမိသင်ယူလေ့လာသော ပညာရပ်များကို ရှင်းလင်းစွာ နားလည်တတ်မြောက်အောင် တက်ကြွစွာ သင်ယူလေ့လာကြရန် မှာကြားကာ အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အစည်းအဝေးခန်းမတွင်  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့ကဲ့သို့ ထိပ်တန်း တက္ကသိုလ်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ရာ ဆရာ ဆရာမ အရည်အသွေး၊ ကျောင်းသား ကျောင်းသူ အရည်အသွေး တိုးတက်ရေး ပိုမိုကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ၏ သွားလာရေးမှစ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆရာ ဆရာများအနေဖြင့် ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်ကအားထားရသည့် အရည်အသွေးပြည့်ဝသော ပညာတတ်များ ဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြစေလိုပါကြောင်း မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။