နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၈

ကျောင်းပြင်ပရောက် ကလေးသူငယ်များ များပြားနေခြင်း၊ စာမတတ်သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရကြောင်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ထို့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၁၄ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းအရ အသက်၁၅နှစ်နှင့်အထက် စာမတတ်သူဦးရေ ၃ ဒသမ ၅ သန်းရှိပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်ခဲ့သည့် ကလေးသူငယ် ၂ ဒသမ ၇ သန်း ရှိကြောင်း။

မြန်မာနိုင်ငံရှိ ၁၅ နှစ်နှင့်အထက် စာမတတ်သူများကို နှစ်အလိုက် လျှော့ချနိုင်ရေးအတွက် အမျိုးသားပညာရေး အထူးစီမံကိန်းများတွင် ထည့်သွင်းရေးဆွဲ အစီအစဉ်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ကျောင်းပြင်ပရောက် ကလေးငယ်များအတွက် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးလုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်ရေးနှင့် စာမတတ်သူများတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်များကို လုပ်ငန်းအစီအစဉ်များချမှတ်၍ နှစ်အလိုက်တိုးချဲ့ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက် ရှိကြောင်း။

ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “သင်ယူမှု ဝန်းကျင်များ ချဲ့ထွင်သင်ယူကြပါစို့”  ဆောင်ပုဒ်အတိုင်း ကမ္ဘာ့နိုင်ငံများနည်းတူ နိုင်ငံအတွင်းရှိ အခြေခံမူလတန်းပညာ ပြီးမြောက်အောင် မသင်ကြားခဲ့ရသော ကျောင်းနေအရွယ်လွန် ကလေးများ၊ စာမတတ်သူလူငယ်များနှင့် လူကြီးများအတွက် စာတတ်မြောက်ရေးလုပ်ငန်း အစီအစဉ်များကို မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖော်ရာတွင် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်  ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ။

အမျိုးသားပညာရေးဥပဒေ (၂၀၁၄)တွင် အခမဲ့အခြေခံပညာရေးကို ဦးတည်ဆောင်ရွက်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ရေးအတွက် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းကို ပြောင်းလဲလာသောခေတ်စနစ်၏ လိုအပ်ချက်အရ KG+9 ဖြစ်သော အခြေခံပညာ အလယ်တန်းဆင့် ပညာရေးပြီးမြောက်‌ရေး၊  စိုက်ပျိုးရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများဖြစ်လာစေရန် ဆက်လက်သင်ယူသွားနိုင်ရေး ဦးတည်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား စာတတ်မြောက်ရေ းလုပ်ငန်းများဆောင်ရွက်မှု VIDEO CLIP ကို ပြသသည်။ ယင်းနောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆို ဂုဏ်ပြုဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားတွင် သီဆိုဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်းမှ ကျောင်းသား ကျောင်းသူများကို  ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရှင်များ၊ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊  ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။