နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ချီးမြှင့်

နေပြည်တော် ၂၀၁၇ ဇန်န၀ါရီ ၂၄



တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့မှကျောင်းသား၊ ကျောင်းသူများ၏ ဗဟိုအဆင့် အင်္ဂလိပ်ဘာသာစွမ်းရည်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့တက်ရောက်အားပေး ချီးမြှင့်သည်။ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်တို့မှပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဆုရကျောင်းသား၊ ကျောင်းသူများက (Essay)စာစီစာကုံးဖတ်ကြားခြင်း၊ (Impromptu)ကျပန်းစကား ပြောခြင်း၊ (Roundtable Discussion)စကားဝိုင်းဆွေးနွေးခြင်းတို့ဖြင့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို သရုပ်ဖော်ပြသကြသည်။ ထို့နောက် ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အရည်အသွေးမြင့်မားသောပညာရေးနှင့် ဆက်စပ်စွမ်းရည်များမဖြစ်မနေလိုအပ်နေသည့် ယနေ့ခေတ်ကြီးတွင်ကျောင်းသားများကို စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးရုံဖြင့် မလုံလောက်တော့ပါကြောင်း၊ ကမ္ဘာကြီးရင်ဆိုင်နေရသည့် အရေးကြီးသည့်ပြဿနာများကို ဖြေရှင်းရာတွင် ပညာသည်လွန်စွာမှအရေးပါလှပါကြောင်း၊ နည်းပညာတွင် ထူးခြားသည့် အစွမ်းအစများနှင့် နက်ရှိုင်းသည့်အကျိုးသက်ရောက်မှုများရှိနေပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း အဆင့်မြင့်ပညာရေး တိုးတက်မြင့်မားမှုအပေါ်တွင် များစွာမျှော်လင့်လျက်ရှိပါကြောင်း။ ထို့ပြင် သတင်းအချက်အလက်နှင့် ဗဟုသုတများသည် အရှိန်အဟုန်မြင့်မားစွာ တိုးတက်လျက်ရှိရာ မည်သူတစ်ဦးတစ်ယောက်မျှ ဘာသာရပ်တိုင်းအပေါ်တွင် အလုံးစုံလေ့လာတတ်မြောက်ရန် မဖြစ်နိုင်ပါကြောင်း၊ အခြားတစ်ဖက်တွင် ဘွဲ့ရပညာတတ်များသည် ဗဟုသုတများစွာကြွယ်၀ပြီးဖြစ်မည်ဟု မျှော်လင့်ချက်များရှိနေပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဗဟုသုတနှင့် စွမ်းရည်များ တတ်မြောက်အောင်သင်ကြားပေးရန် အဆင့်မြင့်ပညာတက္ကသိုလ်များတွင် တာ၀န်ရှိပါကြောင်းပြောကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ၏ဇနီးဒေါ်စုစုလွင်က ဘွဲ့လွန်အဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ၊ ပြိုင်ပွဲသုံးမျိုးလုံးတွင် ပထမဆုရ မောင်စိုင်းရွှေထွန်းဦး၊ ဒုတိယဆုရ မအေးချယ်ရီထွန်းနှင့် တတိယဆုရ မကျော့ရွှေရည်တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဘွဲ့ကြိုအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲ၊ ပြိုင်ပွဲသုံးမျိုးလုံးတွင် ပထမဆုရ မောင်စတီဗင်ဇော်ဇင်မြတ်၊ ဒုတိယဆုရ မောင်စွမ်းပြည့်အောင်နှင့် တတိယဆုရ မောင်ဖြိုးသူရဌေးတို့ အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က ဘွဲ့လွန် အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ ဒေါက်တာ၀င်းမြတ်အေးက ဘွဲ့ကြိုအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ ဦးသန့်စင်မောင်က ဘွဲ့လွန်အဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဘွဲ့ကြိုအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးက ဘွဲ့လွန်အဆင့် စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ ဒေါက်တာမျိုးသိမ်းကြီးက ဘွဲ့ကြိုအဆင့် စကားဝိုင်းဆွေးနွေးပွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်းကောင်း၊ အမျိုးသားပညာရေး မူ၀ါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်က အကဲဖြတ်ဒိုင်များအားလည်းကောင်း ဂုဏ်ပြုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်သည်တော်များသည် ဆုရကျောင်းသား ကျောင်းသူများနှင့်အတူစုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ကြပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ အဆင့်မြင့်ပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟိုအဆင့်အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲများကို သုတေသနစွမ်းရည်၊ ဦးဆောင်မှုစွမ်းရည်၊ ICT တတ်မြောက်မှု၊ ပြည်သူ့နီတိကျင့်၀တ်ဆိုင်ရာများ၊ ခေတ်သစ်ကမ္ဘာကြီး၏ ပြောင်းလဲမှုများကိုသိမြင်နားလည်ခြင်း၊ ယဉ်ကျေးမှု အထွေထွေရောယှက်နေမှုကို သိမြင်နားလည်ခြင်း၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နားလည်ခြင်း၊ ဗဟုသုတများနှင့်ပြည့်၀သော ဘက်စုံစွမ်းရည်ထက်မြတ်သော လူငယ်များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၀၇ ခုနှစ်တွင် ကျပန်းစကားပြောပြိုင်ပွဲအနေဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲများကို အဆင့်မြှင့်တင်ပြီး Essay, Impromptu နှင့် Roundtable Discussion စသည့် ပြိုင်ပွဲ အမျိုးအစားသုံးမျိုးပါ၀င်ထည့်သွင်းခဲ့ကြောင်းသိရသည်။

 

Source: MOI Webportal Myanmar