နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့် အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ

နေပြည်တော် ၂၀၁၇ ဇန်နဝါရီ ၁၁



ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံသက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (Korea Research Institute for Vocational Edu- cation and Training-KRIVET) တို့ပူးပေါင်းပြီး အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နည်းပညာနှင့်သက်မွေး ပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့်အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Technical and Vocational Education and Training-TVET Innovative Outreach Knowledge Sharing Program) ကို ဇန်နဝါရီ ၁ဝ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန စုဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) တိုးတက်ရေးသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားအင်အား ဖွံ့ဖြိုးလာစေရေးတို့အတွက် နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၏ အရေးပါမှုအား သိရှိနားလည်ခြင်း၊ သင်ရိုးညွှန်းတမ်းပြုစုရေးဆိုင်ရာများ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်ရာဘာသာရပ်များတွင် ကျောင်း၊ သိပ္ပံများနှင့် စက်ရုံအလုပ်ရုံများ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ရန်ရည်ရွယ်၍ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (KRIVET)နှင့် ပူးပေါင်းဆောင်ရွက်သည့် ယခုဆွေးနွေးပွဲမှ မိမိတို့နိုင်ငံနည်းပညာ၊ သက်မွေးပညာကဏ္ဍ တိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအား ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ Mr. Lee Yong Soon က အမှာစကားပြောကြားသည်။ အဆိုပါ နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့် အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁ဝ ရက်မှ ၁၂ ရက်အထိ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

 

Source: MOI Webportal Myanmar