ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) သုတေသနစကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၂၀ ဇွန် ၂၈
 
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များ ကော်မတီရုံးခန်း၌ Online Programme သုတေသန စကားဝိုင်းဖြင့် စတင်ကျင်းပသည်။ စကားဝိုင်းကို “အရည်အသွေးအခြေပြု သုတေသနမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (Quality Research Towards Prosperity of the Nation)” ခေါင်းစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု၊ နာဆာ အာကာသသိပ္ပံ အကြီးတန်းသုတေသနပညာရှင် ဒေါက်တာပဒေသာတင် ဦးဆောင်၍ ရန်ကုန် တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနီလာကြူ၊ မန္တလေးနည်းပညာတက္ကသိုလ် အီလက်ထရောနစ် အင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာမျိုးမြင့်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန် စက်မှု အင်ဂျင်နီယာဌာန၊ တွဲဖက် ပါမောက္ခ ဒေါက်တာစိုးစိုးထွေးနှင့် ရန်ကုန်နည်းပညာတက္ကသိုလ် စက်မှု အင်ဂျင်နီယာဌာန ပါမောက္ခ ဒေါက်တာသိန်းမင်းထိုက်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်ကြသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင် ဆွေးနွေးခဲ့ကြသည့် ဆရာ ဆရာမများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက် အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် တာဝန် ရှိသူများက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြပြီး ဆုရရှိသူ စာတမ်းရှင်များ၏ အမည်စာရင်းအား ဖတ်ကြားသည်။ ထို့နောက် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသနညီလာခံ ၂၀၂၀ ကျင်းပရေး ဦးစီးကော်မတီနာယက၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က Online မှ အမှာစကားပြောကြားရာတွင် တက္ကသိုလ်များ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်အသုံးပြုပြီး ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံကို ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ဦးစီးကျင်းပဆောင်ရွက်သော ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် အဖွဲ့ဝင်များ၊ သုတေသန ညီလာခံဖြစ် မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာထင်ဇော်စိုးနှင့် တာဝန်ရှိသူများ အားလုံးတို့ကို ကျေးဇူးတင် ရှိပါကြောင်း၊ အထူးဖိတ်ကြား၍ အွန်လိုင်းဖြင့် ဟောပြောပို့ချပေးကြသော နာဆာမှ ပညာရှင် ဆရာကြီး ဒေါက်တာ ပဒေသာတင်၊ Central European University မှ Provost Dr.Liviu Matei, ပါမောက္ခ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဘာသာရပ်နယ်ပယ် (၉) ခုမှ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးသူ (၁၃၄) ဦး၊ ပိုစတာ ဆောင်ရွက်သူ (၁၆) ဦးတို့ကို နေ့ညမအား သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး ရရှိလာသော သုတေသနရလဒ်များကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးဖလှယ်ခြင်း၊ သဘာပတိများ၊ စိစစ်အကဲဖြတ်သူများ၊ မေးခွန်းဆွေးနွေးသူများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ သုတေသန ပညာရှင်များ၊ တာဝန်ရှိသူ များ အားလုံးတို့ကိုလည်း မြန်မာနိုင်ငံတက္ကသိုလ်များ သုတေသနညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ် တစ်ခုလျှင် အကောင်းဆုံး သုတေသနစာတမ်း ပထမဆုနှင့်ဒုတိယဆု ရရှိကြသူများကိုလည်း အထူးဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု လက်တွေ့ အသုံးချနိုင်သော သုတေသန လုပ်ငန်းများကို ဆောင်ရွက်၍ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိသော သုတေသနရလဒ်များ ရရှိလာစေရေး၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိ လာစေရေး၊ စီးပွားရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် အကောင်းဆုံးဆက်လက်၍ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ဆုမွန်ကောင်းပို့သအပ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ (၂၀၂၀) သုတေသန စကားဝိုင်း၊ ဆုချီးမြှင့်ပွဲနှင့် ညီလာခံ ပိတ်ပွဲ အခမ်းအနားအတွက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။