ဒုတိယသမ္မတ ဦးမြင့်ဆွေ တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၂၀၁၇ ဇန်န၀ါရီ ၈



ရခိုင်ပြည်နယ် ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ၊ အမ်းနှင့် တောင်ကုတ် စသည့် ဒေသတစ်၀န်းမှ ပညာသင်ကြားလိုသူများအတွက် အခွင့်အလမ်း ပွင့်လန်းစေမည့် တောင်ကုတ်ဒီဂရီကောလိပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။ ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်၀န်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ကျောင်းအုပ်ကြီး ဒေါက်တာ၀င်းနိုင်တို့က ဒီဂရီကောလိပ်မုခ်ဦးအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက တောင်ကုတ် ဒီဂရီကောလိပ်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးသည်။ ထို့နောက် ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် နှစ်သစ်ကူးပြောင်းစကာလတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး တောင်ကုတ်ကောလိပ်အား ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်သည့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယခင်က ရခိုင်ပြည်နယ်၌ စစ်တွေတက္ကသိုလ်တစ်ခုတည်းကိုသာ အားထားရပ်တည်ခဲ့ရပါကြောင်း၊ တောင်တန်းများ အထပ်ထပ်ကာရံထားသည့်ဒေသ၊ မြစ်ချောင်း၊ အင်းအိုင် အဆီးအတားများလွန်းသည့်ဒေသတွင် ဒေသခံများအနေဖြင့် ပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သော စစ်တွေတက္ကသိုလ်၌ ပညာသင်ကြားနိုင်ရေးအတွက် ခက်ခဲပင်ပန်းခဲ့ကြရပါကြောင်း၊ ငွေကြေးအခက်အခဲ၊ ခရီးလမ်းပန်းအခက်အခဲများသည် ပညာရှာလိုသူများကို အဟန့်အတား ဖြစ်စေခဲ့ပါကြောင်း။ အဆိုပါအဆင်မပြေမှုများ ပြေလည်စေရန်အတွက် တာ၀န်ရှိသူများနှင့် မြို့မိမြို့ဖများ၏ အားထုတ်ကြိုးပမ်းမှုကြောင့် ၂၀၁၂ ခုနှစ်တွင် တောင်ကုတ်ကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ တောင်ကုတ်ဒေသကို အခြေခံ၍ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသသာမက ပြည်နယ်တစ်ခုလုံးနှင့် ပြည်ထောင်စုကြီးတစ်ခုလုံး ရှေ့ရောက်ရန် မိမိတို့အနေဖြင့် ပညာအုတ်မြစ် ခိုင်ခိုင်ချနိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့သော တောင်ကုတ်ကောလိပ်သည် ယခု ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ချိန်တွင် နေ့သင်တန်းကျောင်းသား ၁၆၀၀ ကျော်၊ အဝေးသင်ကျောင်းသား ၅၀၀၀ နီးပါး ပညာရှာမှီးဆည်းပူးနိုင်သည်မှာ ကျက်သရေမင်္ဂလာရှိလှပါကြောင်း၊ ကျောင်းသားကျောင်းသူ ၆၀၀၀ ကျော်၊ ၇၀၀၀ နီးပါး ဝေးလံခေါင်ဖျား ငွေကုန်ကြေးကျများစွာဖြင့် ခက်ခက်ခဲခဲ မသွားရဘဲ ပညာသင်ကြားနိုင်သည့်အတွက် ၎င်းတို့၏ မိဘများနှင့် အားလုံးအတွက် ကျေနပ်ပီတီဖြစ်ရပါကြောင်း၊ တောင်ကုတ်ဒီဂရီကောလိပ်၌ ဘာသာရပ်ဌာနကြီး ၈ ခုကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ဂုဏ်ထူးတန်းများအထိ သင်ကြားပေးနိုင်ပြီဖြစ်ပါကြောင်း။ ယခု ၂၀၁၇ ခုနှစ်၌ ၅ နှစ်သား၀န်းကျင်သာရှိသေးသည့် ကျောင်းဖြစ်သည့်အတွက် အခက်အခဲ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်တစ်ခုအနေဖြင့် ခိုင်ခိုင်မာမာရပ်တည် ဖွံ့ဖြိုးတိုးတက်လာရန် ပြည်သူလူထု၊ မိဘ၊ ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများက ညီညီညွတ်ညွတ်နှင့် ဝိုင်း၀န်း ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုး တက်မှုသည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တည်မှီနေပါကြောင်း၊ ပညာရေးကဏ္ဍကို အဓိကဖော်ဆောင်နေသူများသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပါကြောင်း။ ထိုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ ပြောင်းလဲနေသော ပညာရေးရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွားကြရန် အထူးလိုအပ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာ၌ အခြေခံလိုအပ်ချက်များဖြစ်သည့် ဆရာနှင့် ကျောင်းသားများ အတန်းမှန်ရန်၊ သင်ကြားရာတွင်လည်း ဆရာ၊ ဆရာမများက လက်တွေ့ကျကျ သင်ကြားပို့ချပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်တွေ့ဘ၀တွင် အသုံးချနိုင်ရန်၊ မိမိတတ်မြောက်ထားသောပညာရပ်နှင့် မိမိဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နိုင်ရန် တောင်ကုတ်ဒီဂရီကောလိပ်အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဒေသအကျိုးပြုမည့် ဘာသာရပ်များကို တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရန် အားထုတ်လုပ်ဆောင်သွားပါဟု မှာကြားလိုပါကြောင်း။ ဆရာ၊ ဆရာမများကို အထူးမှာကြားလိုသည်မှာ ပညာသင်ကြားရာတွင် အုပ်စုလိုက်ပရိုဂျက်၊ အခြေခံသုတေသနနှင့် ဆိုင်သောကိစ္စများကိုပါ သင်ပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများကို စာပေပညာသင်ပေးရုံသာမက ကိုယ်နှုတ်နှလုံး လိမ္မာယဉ်ကျေးအောင်၊ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်အောင် ဆုံးမပဲ့ပြင်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း စံနမူနာပြု အတုယူလေးစားထိုက်သူ၊ တောင်ကုတ်ဒီဂရီကောလိပ်၏ ဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကျင့်ကြံနေထိုင်သွားကြရန် မှာကြားလိုပါကြောင်း။ ယခုဖွင့်လှစ်လိုက်သော တောင်ကုတ်ဒီဂရီကောလိပ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက မိမိတို့ကျရာကဏ္ဍမှ ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်/ မယ်များ မွေးထုတ်ပေးကြပါဟု ပြောကြားသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်နယ်၀န်ကြီးချုပ် ဦးညီပုတို့က အမှာစကားပြောကြပြီး မြို့မိမြို့ဖ ဦးကျောက်တောင်နှင့် တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါက်တာ၀င်းနိုင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ပညားဝန်ကြီးဌာနဒုတိယဝန်ကြီး(ငြိမ်း) ဦးဘရွှေ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့ထံ ကျောင်းအုပ်ကြီးက ဖွင့်ပွဲအထိမ်းအမှတ်အလံငယ်များကို ပေးအပ်သည်။ ဖွင့်ပွဲအပြီးတွင်ဒုတိယသမ္မတနှင့်အဖွဲ့၀င်များသည် တောင်ကုတ်ဒီဂရီကောလိပ်အတွင်းရှိ ဘာသာစကားလက်တွေ့လေ့ကျင့်ခန်းမ၊ ကွန်ပျူတာလက်တွေ့ လေ့ကျင့်ခန်းမ၊ စာသင်ခန်းများ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုကြသည်။ တောင်ကုတ်ဒီဂရီကောလိပ်သည် ရန်ကုန် - ကျောက်ဖြူ လမ်းမကြီး အနီး မြေဧက ၂၁၂ ဒသမ ၂၀ ဧက ပေါ်တွင် တည်ရှိပြီး ၂၀၁၂ ခုနှစ် ဖေဖော်၀ါရီ လတွင် တောင်ကုတ် ကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့၀င်များသည် တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ပြန်လည် ရောက်ရှိကြပြီး ထိုမှတစ်ဆင့် ဆက်လက် ထွက်ခွာခဲ့ကြရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

 

 

Source: MOI Webportal Myanmar