ဒုတိယဝန်ကြီး ဦးဇော်ဝင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒ ဖြေဆိုမှု ကြည်ရှုအားပေး

 နေပြည်တော် ၂၀၂၂ ဧပြီ ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့ အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ် ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို တွေ့ဆုံ၍ ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ မိမိတို့ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကိုကျေပွန်စွာ ဆောင်ရွက်ကြ ရန်၊ ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်၊ စာမေးပွဲဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။       

ထို့မှတစ်ဆင့် ဒုတိယဝန်ကြီးသည် တာလေမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တာချီလိတ်မြို့နယ် ဆန်ဆိုင်း အခြေခံပညာ အထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ် ရုံးခွဲပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ဆရာဆရာမများ အနေ ဖြင့် ယခုကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာပြီးမြောက်ရေးအတွက် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍကို ကျေပွန်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ကျောင်းသား ကျောင်းသူများကို  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသော၊ ယဉ်ကျေးလိမ္မာ၍ စည်းကမ်း လိုက်နာသော၊အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်သော လူတော် လူကောင်းများ ဖြစ်အောင် ပြုစုပျိုးထောင်မွေးထုတ်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့်ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယဝန်းကြီးကပြန်လည်ဆွေးနွေးဖြေကြားပြီး ကျောင်းများအတွက် လိုအပ်သည့်စာသင်ဆောင်များ၊ ကျောင်းဘောလုံးကွင်း အဆင့်မြှင့်တင်ရန်ကိစ္စများ၊ ရေတွင်း၊ ရေစင်၊ ရေသန့်စက်ဖြည့်ဆည်းပေးရန်ကိစ္စရပ်များ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အလားတူ ဒုတိယဝန်ကြီးသည် ယမန်နေ့က ကျိုင်းတုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနေမှုကို လှည့်လည်ကြည်ရှု့အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အခြေခံဆရာဆရာမများနှင့် တွေ့ဆုံဆွေးနွေးမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။