တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်၌ တက္ကသိုလ်ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၂ မေ ၂၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင်   ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ တက္ကသိုလ်အဆင့်မြှင့်တင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး တက္ကသိုလ်အတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် စာသင်ခန်းများ၌ အေးချမ်းစွာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများထံ သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် သုတေသနစင်တာသို့ သွားရောက်၍ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်နှင့် ဘူမိဗေဒဌာနအလိုက် သုတေသနစင်တာတွင် ဖွဲ့စည်းဆောင်ရွက်နေမှု၊ တက္ကသိုလ် သုတေသနစင်တာတွင် မိုးလေဝသသုတေသနစခန်း ဖွဲ့စည်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးခဲ့သည်။

ယင်းနောက် တက္ကသိုလ်ခန်းမတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီသင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် တွေ့ဆုံ၍ တောင်ကြီးတက္ကသိုလ်၏ သင်ကြားရေးနှင့် စီမံရေးကိစ္စရပ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိကာ အဆိုပါကျောင်းရှိ ကမ္ဘောဇခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ပညာရေးဒီဂရီကောလိပ် ပထမနှစ် ပထမနှစ်ဝက် သင်တန်းသား သင်တန်းသူများ၊ ပထမနှစ် ဒုတိယနှစ်ဝက် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများက “အနာဂတ်မြန်မာသို့”သီချင်းကို တိုင်းရင်းသား ယိမ်းအကဖြင့်လည်းကောင်း၊ မောသျှမ်းမြေ သီချင်းကို ရှမ်းရိုးရာ ယိမ်းအကဖြင့်လည်းကောင်း၊ ပအိုဝ်းရိုးရာ ယိမ်းအကဖြင့်လည်းကောင်း ဖျော်ဖြေကြသည်။

ပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ လောင်းလျာ ကျောင်းသား ကျောင်းသူများအနေဖြင့် အလွန်မွန်မြတ်သော ဆရာ ဆရာမဘဝကို လျှောက်လှမ်းနိုင်ရန်အတွက် ပညာရေးဘွဲ့ရအောင် ကြိုးစားကြစေလိုပါကြောင်း၊ အခက်အခဲများ ကြုံတွေ့ပါကလည်း စိတ်ဓာတ်မကျဘဲ အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်သည့် မွန်မြတ်သော ဆရာ ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှဘွဲ့ရပြီး ကျောင်းများသို့ ရောက်သည့်အခါ နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ဆင်းရဲချမ်းသာ စသည်ဖြင့် အဆင့်အတန်းမခွဲဘဲ တန်းတူစေတနာထား၍ ပညာတတ်အောင် သင်ကြားပေးစေလိုကြောင်း၊ စာတတ်အောင် သင်ကြားပေးရုံသာ မဟုတ်ဘဲ နိုင်ငံတော်က အားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးစေလိုကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။