တရုတ်သံရုံးမှ ဆောက်လုပ်လှူဒါန်းသည့် စာသင်ဆောင်၊ အားကစားရုံဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

နေပြည်တော် ၂၀၁၇ ဇန်နဝါရီ ၅


တရုတ်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှဆောက်လုပ်လှူဒါန်း သည့် အမှတ်(၁၄) အခြေခံပညာအထက် တန်းကျောင်း စာသင်ဆောင်၊ အားကစား ရုံဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်း အပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက် ၁ဝနာရီက နေပြည်တော်ရှိ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျောင်းဆောင်ကမ္ပည်းကျောက်စာတွင် အမွှေးနံ့သာ ဖျန်းပက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာဟုန်လျန်က မြန်မာနိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီရန်၊ မြန်မာနိုင်ငံ နိုင်ငံတော်တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်အတွက် အကူအညီပေးနိုင်ရန်အတွက် ယမန်နှစ်မှစ၍ တရုတ်သံရုံးနှင့် မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်းကာ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် တရုတ်- မြန်မာ ချစ်ကြည်ရေးကျောင်းဆောင်သစ် များ တည်ဆောက်ခဲ့ပါကြောင်း၊ အထက(၁၄)ကျောင်းမှာ ငါးဆောင် မြောက် ကျောင်းဆောင်ပင် ဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်တွင်ကျောင်းဆောင် ၂ဝ ကျော်ခန့် ဆောက်လုပ်ပြီးစီးအသုံးပြုနိုင်မည်ဟု ခန့်မှန်းရပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင် ကွန်ရက်ကြီးမားလာကာ ထောင်သောင်းများစွာ သော မြန်မာ ကျောင်းသား ကျောင်းသူ များကို တိုက်ရိုက်အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနသည် ကျောင်းသား၊ ကျောင်းသူဦးရေများပြားခြင်း၊ ဆရာ၊ ဆရာမဦးရေများပြားခြင်း၊ စာသင်ကျောင်းများ များပြားသည့်အတွက် ခွင့်ပြုရန်ပုံငွေအရ ပြည်နယ်တိုင်းဒေသ ကြီးအားလုံးနှင့် ကျောင်းအားလုံးကို မျှတစွာခွဲဝေဆောင်ရွက်ပေးနေရခြင်းကြောင့် စာသင်ခန်းများစွာ လိုအပ်နေပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့မှ ယခုကဲ့သို့ ဆောက်လုပ်လှူဒါန်းခြင်းသည် ကျောင်းနေအရွယ်ကလေးများအတွက် သင်ယူမှု ဝန်းကျင်ကောင်းရရှိရန်များစွာ အထောက်အကူပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားရေးအတွက်လည်း အထောက်အကူပြုသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယနေ့ဆောက်လုပ်လှူဒါန်းသည့် စာသင်ခန်းနှင့် အားကစားရုံတို့သည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနအတွက်ပါ အသုံး ဝင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးတန်ဖိုး မြင့်မားအောင် တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။ ယင်းနောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံအမတ်ကြီးက ကျောင်းအုပ်ကြီး ဦးဟန်ဝင်းထံ စာသင်ဆောင်နှင့် အားကစားရုံဆိုင်ရာ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက် Art Wave Group Co.,Ltdဥက္ကဋ္ဌ ဦးသစ္စာမှ အထက(၁၄) ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာအစုံ ၂ဝဝဝ လှူဒါန်းသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးဟန်ဝင်းက ကျေးဇူးတင်စကား ပြောကြားကာ Art Wave Group Co.,Ltd ကိုယ်စား Mr.Li Bo Songအားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများက မြန်မာ-တရုတ် ချစ်ကြည်ရေးသီချင်းဖြင့် ဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာသင်ဆောင်ရှိ စာသင်ခန်းများသို့ လှည့်လည်ကြည့်ရှုကြသည်။

 

 

Source: Mal