တစ်နှစ်တာအတွင်း ပညာရေးကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံတည်ဆောက်

နေပြည်တော် ၂၀၁၇ မတ် ၂၇



တွေ့ဆုံမေးမြန်း - သွန်းဝဿန်၊
ဖြေကြားသူ - ဒေါက်တာမျိုးသိမ်းကြီး

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ရန်အတွက် တိုင်းတာရမည့်ပေတံများအနက် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် အထူးအရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်။ အစိုးရသစ်တက်လာပြီးနောက် မြန်မာ့ပညာရေးကို အစွမ်းကုန်မြှင့်တင် ရန်အတွက် မူလတန်းကြိုအရွယ်မှ သည် အဆင့်မြင့်နှင့် သက်မွေးပညာရပ်များ သင်ယူတတ်မြောက်သည်အထိ အဆင့်အတန်းပြည့်မီသည့် ပညာရေးစနစ်မျိုးကို ပြုပြင်ပြောင်းလဲခဲ့ရာ အစိုးရသစ်သက်တမ်း တစ်နှစ်တာအတွင်း ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။


မေး။ ။ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့အတွက် တစ်နှစ်တာအတွင်း ဘယ်လိုမူဝါဒတွေ ချမှတ်ကျင့်သုံးနေပါသလဲ။

ဖြေ။ ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကလေးများ၊ လူငယ်များရဲ့ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများရဲ့ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့ကို ဦးတည်ပြီး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၂ဝ၁၆ -၂ဝ၂၁ ရဲ့ ပညာရေးရည်မှန်းချက်နဲ့အညီ တစ်နှစ်တာကာလအတွင်း အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း ၂ဝ၁၆-၂ဝ၂၁ ကို ဆောင်ရွက်နိုင်ရန် လုပ်ငန်းနယ်ပယ် (၉)ရပ် သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသား ပညာရေးမဟာဗျုဟာ စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဌာန (၂)မှာ ကျင်းပခဲ့ပါတယ်။

မေး။ ။ အခြေခံပညာကို တစ်နိုင်ငံလုံးက ကလေးသူငယ်တိုင်း လွယ်လင့်တကူ သင်ယူတတ်မြောက်နိုင်ဖို့အတွက် တစ်နှစ်တာအတွင်းမှာ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ခဲ့မှုတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အခြေခံပညာကဏ္ဍမှာ ကျောင်းသား ကျောင်းသူတွေရဲ့ ကျောင်းတက်ရောက်မှုဟာ မြို့ပြနဲ့ ကျေးလက်ဒေသ နှိုင်းယှဉ်ရင် မြို့ပြမှာအတန်းအဆင့် ကူးပြောင်းနှုန်း ပိုမိုမြင့်မားပြီး ကျောင်းထွက်နှုန်းနည်းတာ တွေ့ရပါတယ်။ ဒါကြောင့် ကျေးလက်နဲ့ ဝေးလံဒေသက ကလေးတွေ သင်ယူမှုအခွင့်အလမ်းတွေ ပိုရဖို့အတွက် ကျောင်းအဆင့်တိုး သတ်မှတ်ရာမှာ ယခင်ကကျောင်းသား ဦးရေတစ်ခုတည်းအပေါ်မှာသာ သတ်မှတ်ခဲ့ပေမယ့် အခုအခါ ခရီးအကွာ အဝေးအခြေအနေကိုပါ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။ လမ်းပန်းဆက်သွယ် ရေးခက်ခဲတဲ့ ဒေသတွေကို အနီးဆုံးတစ်ဆင့်မြင့်ကျောင်းနဲ့ နှစ်မိုင်အကွာ၊ သွားလာရေးလွယ်ကူတဲ့ မြေပြန့်ဒေသတွေအတွက် သုံးမိုင်ခရီးအကွာအဝေး ရှိတဲ့ ကျောင်းတွေကို အဆင့်တိုးမြှင့်ပေးဖို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး ဒီနှစ်အတွက် ကျောင်းပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ ကျောင်းအဆင့်တိုးမြှင့်ပေးရာမှာ အထက်တန်းကျောင်းအဆင့်ကို သတ်မှတ် ကျောင်းသားဦးရေပြည့်မီမှသာ တိုးမြှင့်ပေးပါတယ်။

မေး။ ။ တစ်နှစ်တာအတွင်းမှာ ကျောင်းသားကျောင်းသူတိုင်း အခမဲ့ မသင်မနေရပညာရေးစနစ်ကို ကျင့်သုံးဖို့ကြိုးပမ်းတဲ့အခါ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားကို သိရှိလိုပါတယ်။

ဖြေ။ ။ ကျောင်းသား ကျောင်းသူတွေအားလုံး အခမဲ့မသင်မနေရ မူလတန်းပညာရေးကိုပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းအထိ သင်ယူပြီးမြောက်စေဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ ကျောင်းအပ်နှံရေး သီတင်းပတ် အတွင်း မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေကို ကျောင်းသုံး ဖတ်စာအုပ် တစ်စုံစီအခမဲ့ ထောက်ပံ့ပေးခြင်း၊ ငွေကြေးကောက်ခံခြင်း လုံးဝမပြုဘဲ မူလတန်းအဆင့်ကလေးများအား ဗလာစာအုပ်ခြောက်အုပ်စီနဲ့ ကျောင်း ဝတ်စုံတစ်စုံစီ အခမဲ့ပံ့ပိုးပေးခဲ့ပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ်မှာ မိဘပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီပံ့ပိုးမှုကြောင့် ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခြေခံပညာကျောင်းပေါင်း ၄၆ဝဝ၆ ကျောင်း၊ ဆရာ ဆရာမ ၃ ဒသမ ၆ သိန်း၊ ကျောင်းသားဦးရေ ၉ ဒသမ ဝ၇ သန်းအထိ အစိုးရသစ်လက်ထက်မှာ တိုးတက်လာခဲ့ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှာ မူလတန်းကျောင်းပေါင်း ၅၂၂ ကျောင်း တိုးလာပြီး ဆရာ ၁၈ဝဝဝ ကျော်တိုးလာခဲ့သလို အခမဲ့ပညာရေးကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းသား ကျောင်းသူ လေးသိန်းခန့် တိုးလာခဲ့ပါတယ်။

မေး။ ။ လူတိုင်းအကျုံးဝင်တဲ့ ပညာရေးဖြစ်လာဖို့အတွက် ဘယ်လို ဆောင်ရွက်မှုတွေရှိပါသလဲ။

ဖြေ။ ။ အမြင်အာရုံအားနည်းတဲ့ ကျောင်းသား ကျောင်းသူများက အလက(၅) မရမ်းကုန်းနဲ့ အထက(၅) ကြည့်မြင်တိုင်တို့မှာ တက်ရောက် ပညာသင်ယူနေပြီး အကြားအာရုံအားနည်းတဲ့ ကျောင်းသား ကျောင်းသူများ က အထက(၃) ဒဂုံမှာ တက်ရောက်ပညာသင်ယူနေကြပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ ကျောင်းသား ကျောင်းသူများကလည်း အခြားကျောင်းသား ကျောင်းသူတွေလိုပဲ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ တက်ရောက်ပညာသင်ယူခွင့်ရှိပါတယ်။ ဒါပေမယ့် ဆရာ ဆရာမတွေက ဒီလို ကျောင်းသား ကျောင်းသူတွေကို စနစ်တကျသင်ကြားသင်ယူပေးနိုင်ဖို့ သင်တန်းတွေပေးပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်။ လူတိုင်းအကျုံးဝင် ပညာရေးကို ပိုမိုအလေးထားဆောင်ရွက်နိုင်ဖို့အတွက် အမြင်အာရုံချို့တဲ့တဲ့ ကျောင်းသား ကျောင်းသူတွေ၊ အကြားအာရုံချို့တဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို ယူနီဆက်နဲ့ပူးပေါင်းပြီး ဗလာစာအုပ်တွေ၊ ကျောပိုးအိတ်တွေနဲ့ အခြားလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ၂ဝ၁၆ ခုနှစ် ဇွန်လမှာ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

မေး။ ။ ကျောင်းနေအရွယ်ကလေးငယ်တွေကို အသိပညာဗဟုသုတ တိုးပွားဖို့နဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ အထွေထွေလိုက်နာဖွယ်ရာတွေကို ဝန်ကြီးဌာနအနေနဲ့ ပညာပေးမြှင့်တင်ပေးဖို့ရော ရှိပါသလား။

ဖြေ။ ။ ကျောင်းနဲ့ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းတွေ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းတွေ၊ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးစတဲ့ အသိပညာပေး ဟောပြောပွဲတွေကို ဆောင်ရွက်ခဲ့ပါတယ်။ (၁ဝ)နှစ်ပြည့် ကျောင်းသား ကျောင်းသူတွေအတွက် နိုင်ငံသားကတ်ပြား တွေပေးဝေနိုင်အောင် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ပညာသင်ယူရန် အခက်အခဲရှိသူတွေအတွက် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းများ၏ သင်ကြားသင်ယူမှု အထောက်အကူပြု နိုင်ရန်အတွက် ကျောင်းထောက်ပံ့ကြေးများကိုလည်း ထောက်ပံ့ပေးလျက် ရှိပါတယ်။

မေး။ ။ မြန်မာ့ပညာရေး တစ်ခေတ်ဆန်းစေဖို့အတွက် ပညာရေးဝန်ကြီး ဌာနအနေနဲ့ သင်ရိုးညွှန်းတမ်းတွေကို ခေတ်မီတဲ့ သင်ရိုးအဖြစ်ပြောင်းလဲတာတွေကို မြင်တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ရှင်းပြပေးပါဦး။

ဖြေ။ ။ သင်ရိုးညွှန်းတမ်းတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် ၂ဝ၁၆-၁၇ ပညာသင်နှစ်မှာ သူငယ်တန်းသင်ရိုးသစ်ထဲမှာ ကလေးများအား အားကစား၊ သီချင်းသီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်းများနဲ့ သင်ယူနိုင်ဖို့ သင်ကြားပေးနိုင်ရေးအတွက် ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းတွေ ကြိုတင်ဖွင့်လှစ်ပို့ချပေးနိုင် ခဲ့ပါတယ်။ ပထမတန်းတက်မယ့် ကျောင်းသား ကျောင်းသူတွေအတွက် အရေး ကျင့်တဲ့စာအုပ်တွေကို ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှာ ဖြန့်ဝေနိုင်ဖို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ပထမတန်း ကျောင်းသုံး ဖတ်စာ အုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များကို JICA နဲ့ ပူးပေါင်းရေးဆွဲပြုစုပြီး လာမယ့် ပညာသင်နှစ်မှာ အခမဲ့ဖြန့်ဝေနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ လာမယ့်ပညာသင်နှစ်မှာ သင်ကြားနိုင်ဖို့ ဆရာ ဆရာမတွေကို သင်ကြားသင်ယူမှုမြင့်မားရေးဆိုင်ရာ မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခြေခံပညာကျောင်းများ အရည်အသွေးမြင့်မားရေးကိုလည်း မိဘ ဆရာအသင်းများနဲ့ ပူးပေါင်းပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ နောက်စာသင်နှစ်မှာ မိဘအုပ်ထိန်းသူတွေက ကိုယ့်ရဲ့သားသမီး စာသင်ခန်းအပြင်ကနေ ကလေးရဲ့ ပညာသင်ယူတတ်မြောက်ရေးအတွက် ဆရာ ဆရာမတွေနဲ့ ပူးပေါင်းလေ့လာစေမှာဖြစ်ပါတယ်။ လာမယ့်ပညာသင်နှစ်ကစပြီး အခြေခံပညာရေးရဲ့ ပညာရည်စစ်ဆေး တိုင်းတာရာမှာ သင်ကြားသင်ယူမှု ပိုမိုကောင်းမွန်အောင် အခန်းဆုံးစစ်ဆေးမှု၊ နှစ်ဝက်စာမေးပွဲ၊ နှစ်ဆုံးစာမေးပွဲတွေနဲ့ ပညာအရည်အချင်းမှတ်တမ်းချုပ် တွေကို ပျမ်းမျှယူပြီး Grading နဲ့ နောက်အတန်းကို တက်ရောက်ခွင့်ပေးတဲ့ပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်းမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသား ကျောင်းသူများထဲက ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်း မပြည့်မီသူ တွေနဲ့ သင်ယူမှုအားနည်းသူတွေကို Remedial Education နည်းစနစ်နဲ့ ဖြည့်ဆည်းသင်ကြားမှုကို သင်ကြားပြသပေးနိုင်ခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူ တွေကိုလည်း ပညာသင်နှစ်ဆုံးလို့ နောက်အတန်းတစ်တန်း ကိုတက်ရောက်ရာမှာ တော်၊ သင့်၊ ညံ့ အလိုက် အတန်းမခွဲရအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာမှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘယ်လိုပံ့ပိုးမှုတွေ ပြုလုပ်ခဲ့ပါသေးလဲရှင့်။

ဖြေ။ ။ တက္ကသိုလ်ဝင်စာမေးပွဲကို ၂ဝ၁၇ ခုနှစ် မတ် ၈ ရက်ကစတင်ခဲ့ရာမှာ ကျောင်းသားဦးရေ ၇ ဒသမ ၁၄ သိန်း ဝင်ရောက်ဖြေဆိုခဲ့လို့ ယခင်နှစ်ကထက် ရှစ်သောင်းကျော် တိုးတက်ဖြေဆိုလာခဲ့ပါတယ်။ မျက်မမြင်၊ ဆွံ့အနားမကြား၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် စာဖြေဖို့ အခက်အခဲရှိနေတဲ့သူတွေကို စာဖြေဆိုနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဆွံ့အနားမကြားသူတွေကို sign language နဲ့ရှင်းပြဖို့အချိန် ၁ဝ မိနစ်သတ်မှတ်ပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။

မေး။ ။ တိုင်းရင်းသားဘာသာစကားတွေကို ထိန်းသိမ်းကြဖို့အတွက် သင်ကြားပေးတာတွေကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားပေးမယ်လို့ သိရပါတယ်။ စီစဉ်ဆောင်ရွက်နေမှုကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကား ၄၉ မျိုးကို သင်ကြားပေးဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ တိုင်းရင်းသားဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေက ပြုစုထားတဲ့အတိုင်း သင်ကြားပေးဖို့ ရှိပါတယ်။ တိုင်းရင်းသားဘာသာ စာအုပ်တွေကို အခြေခံပညာဦးစီးဌာနကနေ အခမဲ့ပုံနှိပ်ဖြန့်ဝေနိုင်ဖို့ စီစဉ်ခဲ့တဲ့အပြင် တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းတဲ့ သင်ကြားပေးနေတဲ့ ဆရာ ဆရာမတွေကိုလည်း ထောက်ပံ့ကြေးတွေပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုင်းရင်းသားဘာသာစကား သင်နိုင်တဲ့ ဒေသခံဆရာတွေကို teaching assistant ခန့်ထားနိုင်ရေးကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များနဲ့ပူးပေါင်းပြီး အနည်းဆုံးပညာအရည်အချင်း သတ်မှတ်စီစဉ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

မေး။ ။ ဆရာ ဆရာမတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးနေတဲ့ အပိုင်းတွေကိုလည်း သိရှိလိုပါတယ်ရှင့်။

ဖြေ။ ။ ဆရာ ဆရာမတွေရဲ့ ဆရာအတတ်ပညာအရည်အသွေးတွေ ပိုမိုပြည့်ဝစေဖို့အတွက် ပညာရေးကောလိပ်တွေကို လေးနှစ်သင်ဒီဂရီကောလိပ်တွေအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သွားနိုင်ဖို့ကို Master Plan ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိတစ်နှစ်တာအတွင်း ဆရာ ဆရာမတွေရဲ့ စွမ်းရည်တွေ အားကောင်းလာဖို့အတွက် သင်ကြားရေးဆိုင်ရာ ပံ့ပိုးကူညီခြင်း(Teacher Mentoring)အစီအစဉ်ကို စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ဆရာ ဆရာမတွေရဲ့ ပညာရည်မြင့်မားလာရေးအတွက် အရည်အသွေးမြှင့်တင် ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းပွဲတွေကိုလည်း ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ Teacher Competency Framework ကိုလည်း စတင်ရေးဆွဲနိုင်ခဲ့ပါတယ်။

မေး။ ။ ကျောင်းပြင်ပတစ်သက်တာပညာရေးအတွက် ဆောင်ရွက်နေမှုတွေကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ အကြောင်းအမျိုးမျိုးနဲ့ ကျောင်းတက်ရောက်နိုင်ခြင်းမရှိတဲ့သူတွေနဲ့ ပညာမပြီးဆုံးသေးတဲ့အချိန်တွေမှာ ကျောင်းထွက်လိုက်ရတဲ့သူတွေအားလုံးကို ပညာဆက်လက်သင်ယူနိုင်မယ့်အစီအစဉ်တွေ ချမှတ်ခဲ့ပါတယ်။ ကျောင်းပြင်ပသင်ယူမှုတွေအတွက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာနအသစ်ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှာ ကယားပြည်နယ် ပြည်နယ်လုံးကျွတ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနဲ့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးခရိုင်မြို့နယ် ကိုးမြို့နယ်မှာ အခြေခံစာတတ်မြောက် ရေးလုပ်ငန်းကို ဆောင်ရွက် နိုင်ခဲ့ပါတယ်။

မေး။ ။ သက်မွေးပညာသင်ကြားလေ့ကျင့်မှုအခြေအနေနဲ့ တစ်နှစ်တာအတွင်းမှာ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့တဲ့အခြေအနေကိုလည်း ပြောပြပေးပါရှင့်။

ဖြေ။ ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အစိုးရနည်းပညာအထက်တန်း ကျောင်းတွေ၊ စက်မှုလက်မှုသိပ္ပံတွေနဲ့ နည်းပညာကောလိပ်တွေ စုစုပေါင်း ၅၉ ကျောင်းဖွင့်လှစ်ထားရှိပြီး ဆရာ ဆရာမ ၂ဝဝဝ ကျော်က ကျောင်းသား ၁၉ဝဝဝ ကျော်ကို လေ့ကျင့်ပေးလျက်ရှိပါတယ်။ အသက်မွေးမှုပညာရပ်များ ဆည်းပူးလေ့ကျင့်ခွင့်ရရှိစေဖို့၊ နိုင်ငံအတွက် ကျွမ်းကျင်လုပ်သားတွေ များများမွေးထုတ်ပေးနိုင်ဖို့ရည်ရွယ်ပြီး ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း(NVTI)၊ စင်ကာပူ-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း (SMVTI) တို့ကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျွမ်းကျင်မှုအခြေပြု ကာလတို သက်မွေးပညာသင်တန်းများ ပို့ချပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တာဝန်ယူနေစဉ်အတွင်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ အင်းစိန် GTI ကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ပြန်လည်လွှဲပြောင်းလက်ခံရယူပြီး ပုံမှန်သင်တန်း များဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေပြီး အရင်လို ပြန်လည်အသက် ဝင်လာတော့မှာ ဖြစ်ပါတယ်။

မေး။ ။ ပညာရေးဝန်ကြီးဌာနအနေနဲ့ အစိုးရသစ်ရဲ့ တစ်နှစ်တာဖြတ်သန်း မှုအတွင်းမှာ အဆင့်မြင့်ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဆောင်ရွက်နေမှုတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အဆင့်မြင့်ပညာကဏ္ဍမှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းပေါင်း ၁၇၆ ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုနဲ့က ၁၃၃ ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေအားလုံးကို ဖွင့်လှစ်ထားရှိပြီး ဆရာ ဆရာမ ၂၁ဝဝဝ ကျော်က ကျောင်းသား ကျောင်းသူပေါင်း ၈ ဒသမ ၃၅ သိန်း ကို လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ပညာသင်ယူခွင့်ပိုမိုရရှိစေ နိုင်ဖို့အတွက် ၂ဝ၁၆ ခုနှစ်မှာ ဟားခါးကောလိပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ကုတ်ကောလိပ်ကို အဆင့်မြှင့်တင်ပြီး ဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါတယ်။ တောင်ငူပညာရေးကောလိပ်အဆောက်အအုံသစ် ကို JICA ရဲ့အကူအညီနဲ့ မြေနေရာအသစ်မှာ ပြောင်းရွှေ့တည်ဆောက်ခဲ့ပါတယ်။ ဒါတွေက အစိုးရသစ်ရဲ့ တစ်နှစ်တာအတွင်း ပညာရေးကဏ္ဍက တိုးတက်မှုတွေဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတစ်ဝက်ကျော်က အဝေးသင် ပညာရေးစနစ်နဲ့ သင်ယူနေကြရတာကို တွေ့ရပါတယ်။ ပုံမှန်နေ့စဉ်တက်ရောက်ရတဲ့ ကျောင်းသား ကျောင်းသူအနည်းငယ်အတွက်ကိုပဲ အဆောင်နေထိုင်နိုင်ဖို့ ခွင့်ပြုနိုင်ပါသေးတယ်။ ပညာကိုလုံခြုံစိတ်ချစွာလေ့လာသင်ယူနိုင်ဖို့အတွက် ကျောင်းသား ကျောင်းသူအိပ်ဆောင်တွေ ဖြည့်ဆည်းပေးပြီး အဆင့်မြင့်ပညာ သင်ယူမှုအခွင့်အလမ်းတိုးမြှင့်နိုင်ရေးနဲ့ တန်ဖိုးရှိတဲ့တက္ကသိုလ်ပညာရပ်ဝန်း ကျင်ကောင်းဖြစ်ရေးကိုဦးတည်ပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် ရဦးမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းတွေအများကြီး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

မေး။ ။ ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ အရည်အသွေးမြှင့်တင်မှုတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေမှုနဲ့ ဝန်ကြီးဌာနအနေနဲ့ ပညာရေးဝန်ထမ်းတွေအတွက် ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေအကြောင်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းတွေအားလုံးအတွက် ဒေသနဲ့လိုက်လျောညီထွေဖြစ်စေမယ့် သင်ကြားသင်ယူမှု ညှိနှိုင်းဆွေးနွေးပွဲတွေကို တစ်နှစ်တာလုံး ဆောင်ရွက်လျက်ရှိပါတယ်။ ဆရာတွေရဲ့ ဘာသာရပ်နယ်ပယ်အလိုက် သင်ကြားမှု၊ အတန်းဝင်ရောက်ပို့ချမှုတွေကို အလုံးစုံသိရှိနိုင်ဖို့အတွက် ဆန်းစစ်လွှာပုံစံတွေနဲ့ စစ်ဆေးအကဲဖြတ်ဆောင် ရွက်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှုဆောင်ရွက်ရန်အတွက် Master Plan ရေးဆွဲပြုစုသွားဖို့ကို ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါတင်မကသေးပါဘူး ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်အပါအဝင် တက္ကသိုလ်အသီးသီးမှာ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွေ ကျင်းပပေးတာ၊ သိပ္ပံပွဲခင်းတွေ ပြန်လည်ကျင်းပတာ၊ စာအုပ်ပြပွဲတွေ ကျင်းပပေးခဲ့တဲ့အပြင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တည်ထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်း အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ တက္ကသိုလ်တွေအားလုံးအပါအဝင် မြန်မာနိုင်ငံအရပ်ရပ်က ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေအားလုံးမှာ ကျောင်းသား ကျောင်းသူတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးမြင့်မားဖို့အတွက်ရည်ရွယ်ပြီး စာစီစာကုံးပြိုင်ပွဲတွေ၊ ကျပန်း စကားပြောပြိုင်ပွဲတွေနဲ့ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်တွေကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ကျင်းပပေးနိုင်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေရဲ့ လစာငွေတွေကို ဘဏ်စာရင်းမှ လွယ်လင့်တကူ ပြည့်ဝစွာလွှဲပြောင်းထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ရာ ရုံး၊ ကျောင်း၊ တက္ကသိုလ်တွေမှာရှိတဲ့ အရာထမ်း၊ အမှုထမ်းပေါင်း ၁၈ဝဝ၅ ဦးအတွက် MPU Card ကို အသုံးပြုပြီး လစာကို ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေမှာရှိတဲ့ ပါမောက္ခချုပ်တွေနဲ့ ဒုတိယ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေအပါအဝင် ဆရာ ဆရာမတွေနဲ့ အရာထမ်း၊ အမှုထမ်းတွေအားလုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေဖို့ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သင်ရိုးညွှန်းတမ်း မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွေနဲ့ သင်တန်းတွေကို ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ အင်္ဂလိပ်စာအရည်အသွေးမြင့်မားရေးသင်တန်း တွေနဲ့ ICT သင်တန်းတွေကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါတယ်။ ပညာအရည်အသွေးမြင့်မားရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ စိတ်ဓာတ်အပြည့်နဲ့ သင်ကြားပို့ချပေးနေတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအားလုံးရဲ့ လိုအပ်ချက်တွေ၊ အခက်အခဲတွေဖြစ်တဲ့ ကျောင်းဆောင်၊ စာသင်ခန်း၊ စာသင်ခုံ၊ ပရိဘောဂ၊ အိမ်သာ၊ သောက်သုံးရေ၊ သင်ထောက်ကူပစ္စည်းတွေ၊ စာကြည့်တိုက်တွေနဲ့ ကျောင်းသား ကျောင်းသူအိပ်ဆောင်တွေ၊ ဝန်ထမ်းအိမ်ရာတွေအပါအဝင် ICT ဆိုင်ရာ လိုအပ်ချက် စတာတွေကိုလည်း ဖြည့်ဆည်းပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာနဲ့အတူ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးတွေနဲ့ နည်းပညာ၊ သက်မွေးပညာရေး၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးစတဲ့ အပိုင်းကဏ္ဍအသီးသီးကပညာရေးကဏ္ဍကို မြှင့်တင်ပေးနေပါတယ်။ အမျိုးသားပညာရေး မဟာဗျုဟာစီမံကိန်းအရလည်း သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ ကျောင်းတက်ရောက် နှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေး၊ ကျောင်းနေအရွယ်အားလုံး မူလတန်းပညာသင် ယူပြီးမြောက်ရေးနဲ့ အလယ်တန်း၊ အထက်တန်းပညာ ဆက်လက်သင်ယူပြီးမြောက်၍ လုပ်ငန်းကျွမ်းကျင်သူများ၊ အရည်အသွေးပြည့်ဝသော ဘွဲ့ရလူငယ်မောင်မယ်များအဖြစ် ပြုစုပျိုးထောင်သင်ကြားလေ့ကျင့်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူလူထု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး အလေးထား ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်း တစ်နှစ်တာအတွင်း ဆောင်ရွက် ခဲ့တာတွေကို ပြည်သူလူထုကို တင်ပြလိုပါတယ်။