တက္ကသိုလ်များတွင် ဆရာ ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန်လို

နေပြည်တော် ၂၀၂၂ မတ် ၂၁

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်၊ မီးသတ်ဆေးဘူးများ ပြန်လည်စစ်ဆေးရန်နှင့်  လုံခြုံရေးဝန်ထမ်းများ အပြည့်အဝထားရှိ ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများသို့ နေ့စဉ်လှည့်လည် ကြီးကြပ်ပေးရန် တက္ကသိုလ်များရှိ သုတေသနစက်ပစ္စည်းများ၏ အသုံးပြုမှတ်တမ်း ထားရှိရန်နှင့် တန်ဖိုးကြီး သုတေသနစက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချကြရန်လိုကြောင်း၊ ဆရာ ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ တက္ကသိုလ် တစ်ခုချင်းအလိုက် ဘွဲ့၊ ဒီဂရီပေးအပ်နိုင်သော အသုံးချဘာသာရပ်များကို စာသင်နှစ်အလိုက်၊ Module အလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ရေးဆွဲကာ တက္ကသိုလ်သင်ကြားရေးအဖွဲ့ဖြင့် အတည်ပြုပြဋ္ဌာန်းပြီး လာမည့်ပညာသင်နှစ် ပထမနှစ်သင်တန်းများတွင် စတင်သင်ကြားနိုင်ရေး အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုကြောင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက်  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက စီမံခန့်ခွဲမှုကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် တက္ကသိုလ်ဆိုင်ရာလုပ်ငန်းကိစ္စရပ်များ ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။