တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်များနှင့်ကျောင်းများတွင် အသစ်ခန့်အပ်မည့် ဆရာ ဆရာမများအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများဖွင့်လှစ်ရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေးအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၉

          ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ် ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များတက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အမှာစကားပြောကြားရာတွင် ၂၅-၁၀-၂၀၂၁ ရက်နေ့က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီးကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့် မွေးထုတ်သွားရန်လိုအပ်ကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ်နည်းပြ၊ သရုပ်ပြ အသစ်များကို မကြာမီခန့်ထားပြီး တာဝန်ကျရာ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်၍ ဆရာ၊ ဆရာမ အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းကို ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တစ်လကြာ ဖွင့်လှစ်ရန်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ သင်တန်းများတွင် နံနက်ပိုင်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံ ဘဏ္ဍာဌာနမှူးများက နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ပို့ချပေးမည် ဖြစ်ပါကြောင်း၊ ရန်ကုန် ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့က ပြုစုရေးသား၍ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဖြန့်ဝေထားပြီးဖြစ်သော သင်ပြနည်းပညာဘာသာရပ်၊ ပညာရေး သဘောတရားနှင့် စီမံခန့်ခွဲမှုပညာဘာသာရပ်နှင့် ပညာရေးစိတ်ပညာဘာသာရပ် တို့ကို ပညာရေးတက္ကသိုလ်များ၏ နည်းပြသင်တန်းတက်ရောက်ထားသော ဝါရင့်ပါမောက္ခ၊ တွဲဖက်ပါမောက္ခများက လူကိုယ်တိုင်သင်ကြားပေးမည်ဖြစ်သကဲ့သို့ ပညာရေးတက္ကသိုလ်မှ ဆရာမများကလည်း အွန်လိုင်းမှ ဖြည့်ဆည်းသင်ကြားမည်ဖြစ်ပါကြောင်း၊ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာဘာသာရပ်ဌာနအသီးသီး၌ ပါမောက္ခများ၊ ဝါရင့်တွဲဖက်ပါမောက္ခများက ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများ ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မှု အခြေအနေကို ပါမောက္ခချုပ်များက ကြီးကြပ်ကာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့တို့သို့ အပတ်စဉ် သတင်းပို့စေလိုပါကြောင်း၊ ပညာရေးတက္ကသိုလ်များက လေ့ကျင့်ပို့ချပေးသော သင်ပြနည်း ဆိုင်ရာ နည်းပြ သင်တန်းများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာ တက္ကသိုလ် များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင်  အသစ်ခန့်အပ်ထားသော ဆရာ ဆရာမများလည်း တက်ရောက်ကြမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်း များဖြစ်သည်နှင့် အညီ မည်သည့်အစိုးရတက်တက် စာသင်ကြားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊  နိုဝင်ဘာလမှစတင်ကာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အား ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်း များနှင့် စနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ကပ်ရောဂါ ကြောင့် ရပ်တန့်နေခဲ့သည့် ပညာရေးကဏ္ဍကို ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက် ရာတွင် အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ဆွေးနွေး  ပြောကြားကြသည်။

          ဆက်လက်၍ နံနက် ၁၁ နာရီတွင် မကြာမီအသစ်ခန့်အပ်မည့် အခြေခံပညာ ဆရာ ဆရာမများအား အရည်အသွေးမြှင့်တင်ရေးမွမ်းမံသင်တန်းဖွင့်လှစ်ရေး၊ ကျောင်းများပြန်လည် ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးများ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက မကြာမီအသစ်ခန့်အပ်မည့် အခြေခံပညာဆရာ ဆရာမများ သည် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ဆရာ ဆရာမအရည်အသွေး မြှင်တင်ရေး မွမ်းမံသင်တန်းများ တက်ရောက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်ပညာရေးမှူးများက ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း ဆွေးနွေးမည်ဖြစ်ကာ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာကြီး ဆရာမကြီးများက သင်ပြနည်းပညာဘာသာရပ်နှင့် သက်ဆိုင်ရာ မူလတန်း အလယ်တန်း အထက်တန်း ဘာသာရပ်များကို ကိုယ်တိုင်လေ့ကျင့်ပို့ချပေးရန် စီစဉ်ထားပါကြောင်း၊ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရေး၊ စာသင်ကျောင်းများ ပိုးသတ်ဆေးဖြန်းရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်းရေး၊ စိမ်းလန်း စိုပြေရေးလုပ်ငန်းများ၊ ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် ကလေးများကို အမှန်တကယ် စာတတ်မြောက်အောင် သင်ကြားပေးရေးကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်း အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက အသီးသီးဆွေးနွေးပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။