၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၀ မေ ၂၆

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ပညာရေးဝန်ကြီးဌာနရှိ ဦးစီး ဌာနများနှင့် အမျိုးသား ပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲ၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှချန်မထားဘဲ၊ ကျောင်းထွက်သူမရှိရေးတို့ကို အခြေခံ၍ ကျောင်းနေ အရွယ်ကလေးအားလုံး အရည်အသွေး ရှိသော သင်ယူမှုအခွင့်အလမ်း မြင့်မားစေရေးကို ဦးတည်လျက် အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဦးစားပေး ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေး ကင်း၍ အရည်အသွေး ကောင်းမွန်သည့် အခြေခံပညာအထက် တန်းအဆင့်ကျောင်းများဖွင့်လှစ် ရာတွင် တွေ့ကြုံ ရမည့် လိုအပ်ချက်၊အားနည်းချက်များကိုပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများ တစ်ဆင့် ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေးစီမံဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။

အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက် သွားရ မည်ဖြစ် ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်း သား ကျောင်းသူများ လိုက်နာ ရမည့်အချက်များဖြစ်သည့် ကျောင်းသို့မလာမီနှင့်လာရောက်စဉ် မိဘနှင့် ကျောင်းသားကျောင်း သူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြား ချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစား နားချိန်တွင် ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက် များ၊ စာသင်ကြားပြီး ကျောင်းမှ အပြန်တွင် မိဘနှင့်ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များတို့ကို လိုက်နာဆောင်ရွက်ရန်အတွက် အချိန်မီပြုစု တင်ပြရမည် ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြင့် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူများတွေ့ရှိနေရ ပါသဖြင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် အထူးသတိပြု လိုက်နာစီစဉ်ဆောင်ရွက်ရမည်မှာ လူတိုင်းပြန်လည်အသုံးပြု၍ရသော Mask တပ်ဆင်ရန်နှင့် နေ့စဉ်လူအများတွေ့ဆုံမှု လျော့ချရန်၊ လူအုပ်စုများဖြစ်ပေါ်လာနိုင်မှုကိုလျော့ချရန် အရေးကြီး ပါကြောင်း၊ လူတစ်ဦးနှင့် တစ်ဦး၊ ကျောင်းသား အချင်းချင်း၊ ကျောင်းသား၊ဆရာတို့ အနည်းဆုံး (၆)ပေ ကွာခြားရန်လိုပါ ကြောင်း၊ အလယ်တန်း၊အထက်တန်းစာသင်ခန်းများမှာလည်း တစ်ခန်းလျှင်(၃၀ x ၂၄) ပေဖြစ်သဖြင့် အနည်းဆုံး (၆)ပေကွာခြားနိုင်ရေးအတွက် အများဆုံး (၂၀)ဦး အတွက်သာ ခုံစီရန်နှင့် မူလ တန်းစာသင်ခန်းများတွင်လည်း အနည်းဆုံး (၆)ပေ ကွာခြားနိုင်ရေးကိုသာ ဦးစားပေး၍ ခုံစီရ မည်ဖြစ်ပါကြောင်း၊ ကျောင်းအလိုက် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြဆရာဦးရေနှင့်စုစုပေါင်း အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ကျောင်းသားဦးရေ၊ ကျောင်း အလိုက်နှင့် အတန်းလိုက် အထက် တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့် ဆရာ၊ကျောင်းသားအချိုးနှင့် စာသင်ခန်း ကျောင်းသား အချိုးတို့ကိုအခြေခံ၍ ပုံမှန်ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ တစ်ပတ်ခြား တက်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန် နှစ်သုတ်တက်(2 Shifts) ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊ ကျောင်းချိန်နှစ်သုတ်(2 Shifts) တက်၍ တစ်ပတ်ခြား ဖွင့်လှစ် နိုင်မည့်ကျောင်းများ၊ အခက်အခဲရှိသောကျောင်းများစသဖြင့် စာရင်းပြုစုတင်ပြရမည်ဖြစ်ပါကြောင်း၊ လက်တွေ့ ကျကျ အခြေခံပညာကျောင်းများအားလုံး အဆင့်အလိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်း အလိုက်၊ မြို့နယ် အလိုက်၊ ခရိုင်အလိုက်၊ တိုင်းဒေသကြီး၊ပြည်နယ်အလိုက်၊ အခြေခံပညာဦးစီးဌာန အလိုက် စီမံချက်များ စနစ်တကျ ပြုစု၍  တင်ပြရန်လိုအပ်ပါကြောင်း၊။

ကျောင်းတွင်းစာမေးပွဲများနှင့် G-5, G-9 စာမေးပွဲများ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်း ထုတ်ပြန်ရေး လုပ်ငန်း များကို စနစ်တကျ အလေးထား ကြီးကြပ်ဆောင်ရွက်ရန်၊ တက္ကသိုလ် ဝင်စာမေးပွဲ ကုဒ်လုပ်ငန်း၊ စာစစ် လုပ်ငန်း၊ အောင်စာရင်း ထုတ်ပြန်ရေးလုပ်ငန်းများကိုလည်း စနစ်တကျ အလေးထား ကြီးကြပ်ဆောင်ရွက် ရန်လိုပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ် များ ကျောင်းများသို့အချိန်မီပုံနှိပ်ဖြန့်ဝေနိုင်ရန်၊ ဗလာစာအုပ်များ အချိန်မီ ပုံနှိပ်ဖြန့်ဝေနိုင်ရန်၊ အခြေခံပညာကျောင်း (၆၀၂၁)ကျောင်းတွင် ကန့်သတ်စောင့်ကြည့်စခန်းများ အဖြစ်အသုံး ပြုပြီး ပိုးသတ်ဆေးဖြန်းပြီးပါက ဇွန် ၁၅ ရက်တွင် ပြန်လည်လွှဲပြောင်းလက်ခံ၍ လိုအပ်သည် များပြင်ဆင်ထားကြရန်၊ ရေ၊ ဆပ်ပြာ၊ လက် ဆေးဂျယ်(Hand Sanitizer Gel)၊ သန့်စင်ခန်း၊ ကိုယ်ပူချိန်တိုင်း ကိရိယာ (Infrared Thermometer)များဖြည့်ဆည်းထားရှိရန်၊ ဆရာများနှင့် ကျောင်းသားများအားလုံးကို ပြန်လည် အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း (Mask)နှစ်ခုစီနှင့် မျက်နှာကာ(Face Shield) တစ်ခုစီ အခမဲ့ဖြန့်ဝေရန်၊ PPEဝတ်စုံများ ဖြည့်ဆည်းရန်၊ ကျန်းမာရေးဌာနနှင့်ဆေးခန်းများသို့ ဆက်သွယ်နိုင်ရေး ဖုန်းနံပါတ်များကို ပြုစုထားရှိရန်နှင့် လိုအပ်သည်များဖြည့်ဆည်းပေးရန်စသည်တို့ကို စီစဉ်ဆာင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း။

သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အထက်တန်းပြ၊ အလယ်တန်းပြ၊မူလတန်းပြ ဆရာဆရာမများအား တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ခန့်အပ်သွားရေး၊ ဆရာ၊ဆရာမများ ရာထူး ခန့်ထားခြင်း၊ ပြောင်းရွေ့ခြင်း၊ ရာထူးတိုးခြင်း၊ ကျောင်းအဆင့်တိုးခြင်းစာရင်းများတို့ကို ထုတ်ပြန်ပေးရေးနှင့် တာဝန်ကျရာနေရာဒေသသို့ အဆင်ပြေစွာသွားရောက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားရန်၊ သင်ရိုးသစ် G-4, G-7, G-10 ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန်စာအုပ်အသစ်များ၏  ကာလတို သင်ကြား သင်ယူမှု နည်းလမ်း မွမ်းမံသင်တန်းများအတွက်လည်း အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်း တမ်းကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်းလျက် ယခုပညာသင်နှစ်အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ကိုက်ညီသော သင်ရိုးမာတိကာ၊ သင်ခန်းစာများ စီစဉ်ဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း၊ ကျန်းမာရေး အသိပညာပေးဆိုင်ရာ မွမ်းမံသင်တန်းများကိုလည်း စီစဉ်ဆောင်ရွက်သွားရန်နှင့် စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ စီစဉ်ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့် ဈေးတန်းများတွင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်နှင့် ကိုက်ညီ သော ဈေးဆိုင်များကိုသာ ဖွင့်လှစ် ရောင်းချရေး စီမံဆောင်ရွက်သွားရန်၊ ကျောင်းကြို/ ပို့ယာဉ် များရှိ နှစ်ယောက်တွဲခုံများတွင် ကျောင်းသား၊ ကျောင်းသူ တစ်ယောက်စီသာ စီးနင်းလိုက်ပါ နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် ကျောင်းကြို /ပို့ယာဉ်များ လုံလောက်ခြင်းမရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ယာဉ်ဌားရမ်း အသုံးပြုရေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း။

ကျောင်းများတွင် အရန်ခန်းထားရှိရေးစီစဉ်ဆောင်ရွက်၍ ကျောင်းတွင်ရောဂါပိုးရှိသည့် ကျောင်းသား၊ ကျောင်းသူ တွေ့ရှိမည်ဆိုပါကလည်း ကျောင်းကိုယာယီပိတ်ထားပြီး ကျန်းမာ  ရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်၊ ကျောင်းအပ်နှံရေး သီတင်းပတ်တွင် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကိုလည်း အောင်မြင် အောင် မိဘ၊ အုပ် ထိန်းသူ၊ ဆရာများ၊ ပြည်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားကြရ မည်ဖြစ် ကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်နှင့် အဖွဲ့ဝင် များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆွေနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ အေးမြင့်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်၊ မြန်မာ နိုင်ငံ တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။