ကျန်းမာသန်စွမ်းပြီး ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များဖြစ်အောင်ကြိုးစား

နေပြည်တော် ဇွန် ၂၇

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်  ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့နှင့်အတူ ယနေ့နံနက် ၁၀း၃၀နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အဆိုပါ ကျောင်းများရှိ စာသင်ခန်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများ၊ အေးချမ်းစွာပညာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကျန်းမာရေးဂရုစိုက်၍ ပညာကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ ကျောင်းမှန်မှန်တက်၍ ကျောင်းစည်းကမ်းများကိုလိုက်နာ ကြစေလိုကြောင်း၊ ပညာတတ်၍ အကျင့်စာရိတ္တကောင်းမွန်သော၊ ယဉ်ကျေးလိမ္မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ တစ်ကိုယ်ရည်သန့်ရှင်းရေးမှအစပြု၍ စာသင်ခန်းတွင်း၊ ကျောင်းတွင်းဆိုင်ရာ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းဘောလုံးကွင်း များကို အဆင့်အတန်းမီမီ သပ်သပ်ရပ်ရပ်တည်ဆောက်ပေးထားရာ ကျောင်းသား ကျောင်းသူများအကျိုးရှိရှိ ထိရောက်အောင် စနစ်တကျအသုံးချဆောင်ရွက်ကြစေလိုကြောင်း၊ အားကစား လေ့ကျင့်လိုက်စား၍ ကျန်းမာသန်စွမ်းပြီး ပညာတတ်သော အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာ ဆရာမများနေထိုင်ရေး အဆင်ပြေစေရန်အတွက် ဝန်ထမ်း အိမ်ရာများကို တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ အခက်အခဲကြုံတွေ့ရပါက မိမိတို့သက်ဆိုင်ရာဌာနများသို့ ချက်ချင်းသတင်း ပေးပို့ရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အောင်မြင်စွာပြီးမြောက်ရေးအတွက် ပညာရေးမိသားစုများ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တည်ဆောက်ပြီးစီးသည့် အဆောက်အအုံများ၊ ကျောင်း ဘောလုံးကွင်းများ၊ တပ်ဆင်ထားသည့် အားကစားပစ္စည်းများ၊ ကျောင်းတွင်းစိမ်းလန်းစိုပြည်မှု ဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့်သင်ကြားသင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။